Frankie shared a post  
15 w

16 w

Part-2
ဒီမိုကရေစီ ဟူသည် (၁)
၆။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသား အားလုံး ပါဝင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ပုံမှန် ကျင်းပလေ့ရှိသည်။ ရွေးကောက်ပွဲများသည် အာဏာရှင်စနစ် သို့မဟုတ် တစ်ပါတီစနစ်များက မိမိတို့၏ သရုပ်အမှန်ကို ဖုံးကွယ်ရန် ပြုလုပ်သည့် အတုအယောင်မျိုး မဟုတ်။ ပြည်သူ့ထောက်ခံမှုကို ယှဉ်ပြိုင်တောင်းခံသည့် အစစ်အမှန် ပွဲမျိုးသာ ဖြစ်၏။
၇။ ဒီမိုကရေစီစနစ်တွင် ဥပဒေစိုးမိုးမှုရှိ၍ အစိုးရများသည်လည်း အရာရာကို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရသည်။ ပြည်သူများသည် ဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကို တူညီစွာ ရရှိကြပြီး၊ ပြည်သူတို့၏ အခွင့်အရေးများကိုလည်း တရားဥပဒေစနစ်က ထိန်းသိမ်း ကာကွယ် ပေးထားသည်။
၈။ ဒီမိုကရေစီနိုင်ငံများသည် ၎င်းတို့ အသီးသီး၏ ထူးခြားသော နိုင်ငံရေး လူမှုရေးနှင့် ယဉ်ကျေးမှု ဘဝများအရ ကွဲပြားမှုရှိကြသည်။ ၎င်းတို့ အားလုံးပင် ဒီမိုကရေစီ အခြေခံမူများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း မူသေလုပ်နည်း လုပ်ဟန်များအတိုင်း တစ်ညီတည်း တစ်ထပ်တည်း လုပ်ဆောင်နေကြခြင်း မဟုတ်။
၉။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတို့၌ အခွင့်အရေးများချည်းသာရှိသည် မဟုတ်၊ တိုင်းပြည်၏ နိုင်ငံရေးစနစ် ( နယ်ပယ်) ထဲတွင် ပါဝင်ဆောင်ရွက်ရန် လည်း တာဝန်ရှိသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ် တည်တံ့အောင် ယင်းသို့ ပါဝင် စောင့်ထိန်းပေးမှသာ စနစ်က ဖန်တီးပေးမည့် မိမိတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များလည်း တည်တံ့နိုင်မည် ဖြစ်သည်။
၁၀။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများသည် မတူသော အယူအဆ အမူအကျင့် များကို သည်းခံမှု၊ ပူးတွဲဆောင်ရွက်မှု၊ အပေးအယူ အလျှော့အတင်းပြုမှုစသည့် အလေ့အထများကို တန်ဖိုးထားကြသည်။ ဒီမိုကရေစီစနစ်တွင် အပေးအယူပြု ညှိနှိုင်းမှုများအားဖြင့် အများသဘော တူညီသော ဆုံးဖြတ်ချက် များရအောင် ဆောင်ရွက်လေ့ ရှိကြသည်။ သို့သော် ထိုအနေအထားမျိုး အမြဲ မရနိုင်ကြောင်းလည်း သိမှတ် လက်ခံကြသည်။
မဟတ္တမဂန္ဓီက“မတူတာကို သည်းမခံခြင်းသက်သက်သည်ပင်လျှင် အကြမ်းဖက်ခြင်း တစ်မျိုးဖြစ်၍ စစ်မှန်သော ဒီမိုကရေစီစိတ်ဓာတ် ထွန်းကားရေးတွင် အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည်” ဟု ဆိုခဲ့ရာ မတူသူများ ယှဉ်တွဲ နေထိုင်နိုင်ရေးသည် မည်မျှ အရေးကြီးကြောင်း သိနိုင်သည်။
မတူတာကို သည်းခံနိုင်မှ ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်မည်။
အတူနေနိုင်မှ သူရောကိုယ်ပါ ကောင်းဖို့အတွက် ညှိနှိုင်း ဆောင်ရွက် နိုင်မည်။
သူသူငါငါ ညှိနှိုင်း ပါဝင် ဆုံးဖြတ်နိုင်မှ အများသဘော လွှမ်းမိုးမည်။ အများသဘော လွှမ်းမိုးမှုနှင့် မတူတာကို သည်းခံနိုင်မှုတို့ ဒွန်တွဲ တည်ရှိမှ လူ့အခွင့်အရေး ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေမည်။