ဗဟိုဘဏ်က ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေး စီစဉ်နေ
ဒီဇင်ဘာ ၂၁
ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transaction Law) ကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ အာမခံထားပြီး ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ငွေချေးခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ကြောင်းသိရသည်။
ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် စီမံ/ဘဏ္ဍာ၊ ဥပဒေရေးရာ၊ တရားလွှတ်တော်ချုပ်ရုံး၊ စက်မှုဝန်ကြီးဌာန၊ DICA ၊ ဗဟိုဘဏ်၊မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်းအဖွဲ့နှင့် ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မည့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် MSME လုပ်ငန်းများ၏ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက် အကူပြုရန် ရည်ရွယ်ထားကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် အပေါင်ပစ္စည်းများကို မှတ်ပုံတင်ထားခြင်းကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေရန်၊ အာမခံအကျိုးခံစားခွင့်နှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများအား ဥပဒေအရ ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
လက်ရှိတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် ရွှေငွေရတနာပစ္စည်းများ၊ မော်တော်ယာဉ်များ၊ ကုန်လှောင်ရုံပစ္စည်းများဖြစ်သော ဆန်၊ စပါး၊ ပဲ နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ လက်ခံနိုင်သော ငွေစာရင်းများကို အပေါင်ထားမှုအချို့ ဈေးကွက်အတွင်း ရှိနေကြောင်း သိရသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး
