~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
“ကျွန်မအဖြစ်ကို မြင်လှည့်စမ်းပါဦး မောင်ရယ်”ဟု စိတ်ထဲမှ ပြင်းပြင်းပြပြတမ်းတလိုက်မိခဲ့သည်။
ကုသရန်ခက်ခဲသော ရောဂါသည်တစ်ဦးကို တွေ့တိုင်း အပြန်ပြန်အလှန်လှန် စမ်းသပ်ချင့်ချိန်ရင်း တိုင်ပင်အားကိုးရမည့် တစ်စုံတစ်ယောက်ကို အမြဲ တမ်းတမိပြီး ထိုတစ်ယောက်မှာလည်း မောင်သာ ဖြစ်ပါသည်။ မောင်ဆိုလျှင်တော့ ဒီရောဂါကို ဘယ်လိုနာမည် တပ်မှာပါလိမ့် ၊ ဘာဆေးနှင့် ကုသမှာပါလိမ့် ၊ မောင့်ထင်မြင်ချက် ၊ ဆုံးဖြတ်ချက် ၊ တိုက်တွန်းချက်တို့ကို လိုအပ်သော အချိန်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ကျွန်မ တစ်ယောက်တည်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်ချည်းပင် ဖြစ်သည်။
ကျွန်မ နေမကောင်းသည့် အချိန်များတွင်တော့ မောင့်ကို ဘယ်လို တမ်းတမှန်းမသိ ၊ ဆွတ်ပျံ့နာကျင်စွာ အားကိုးတကြီး တမ်းတမြဲ ဖြစ်သည်။ ကျွန်မအား ပြုစုယုယမည့်သူ တစ်ဦးတစ်လေမျှ မရှိသောအခါ မောင်၏ အားပေး နှစ်သိမ့်ပြုံးကို တရေးရေး မြင်ယောင်လျှက် ပင့်သက် များစွာ ရှိုက်ဖြစ်ခဲ့ရ၏။ ကျွန်မလက်ကို ယုယစွာ ကိုင်လျက် သွေးခုန်နှုန်း စမ်းသောအခါ ၊ ကျွန်မ နဖူးပေါ် လက်ဖမိုးတင်လျက် ကိုယ်ပူချိန် စမ်းသပ်သောအခါ ကျွန်မကို ဆေးထိုးပေးသောအခါ ဆေးပြားများကို ကျွန်မ ပါးစပ်ထဲထိ တယုတယ ခွံ့တိုက်သောအခါ မောင်သည် ကျွန်မ၏ အားကိုးရာ ၊ တွယ်တာရာ သာဖြစ်ခဲ့သည်။
အခုတော့ .. ကျွန်မ အနီးတွင် မောင်လည်း မရှိပါလား ။
----------
“စုစုထွေး”
ကျွန်မအနီးမှာ တစ်စုံတစ်ယောက်လာရပ်သည်။ ဖျတ်ခနဲ မော့ကြည့်လိုက်သောအခါ နှလုံးက လည်ပင်းဆီသို့ ဒိတ်ကနဲ့ ဆောင့်တတ်လာသည်။ မည်သို့မျှ မထိန်းလိုက်နိုင်မီ ကျွန်မ မတ်တပ်ရပ်မိပြီး ဖြစ်သွား၏။
“ဘုရားရေ ၊ ဟင့်အင်း မဖြစ်နိုင်ပါဘူး”
သို့သော် ကျွန်မ ရှေ့ကလူသည် ကျွန်မ အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့သော လူသာ ဖြစ်သည်။ တုန်လှုပ်မှုကို ဟန်ဆောင်ပြင်ထိန်းဖို့ စက္ကန့်ပေါင်းများစွာ ကြိုးစားယူရပါသည်။ ဒါတောင်မှ တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံကို သူ ကြားသွားလေမလား။
“အ၀င်ပေါက်ကနေ လှမ်းကြည့်နေတာကြာပြီ ဟုတ်မှဟုတ်ပါ့မလားလို့ ၊ အရင် နဲ့ နည်းနည်း မှ မတူတော့သလိုပဲ”
မတ်တပ်ရပ်နေသောအခါ မောင့်ကိုယ်ခန္ဓာသည် တကယ့် ယောကျာ်းကြီး တစ်ယောက်ဟန် အတိုင်းဖြစ်သည်။ အို .. ကြည့်စမ်းပါဦး တည်ငြိမ်လှချည်လား မောင်ရယ် ။ ကျွန်မကိုရက်ရက်စက်စက်ထားခဲ့သော မောင့်ကို ကျွန်မက လက်ခံစကားပြောဖို့ စိတ်ကူးလေသလား။ကျွန်မထွက်သွားသင့်သည်။
#ဆက်ရန်ရှိ
