တနိုင်းမြို့တွင် ၅ လကြာ ပိတ်ထားသည့် MPT ဖုန်းလိုင်း ပြန်လည်ရရှိ
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ၅ လအကြာ ပိတ်ထားသည့် MPT ဖုန်းလိုင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့မှ စတင်ပိတ်ထားသည့် MPT ဖုန်းလိုင်းအား ငါးလအကြာ ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရရှိပြီး ရပ်ဝေးရပ်နီးရှိ မိသားစုဆွေမျိုးများနှင့် ဖုန်းဆက်သွယ်ရနိုင်ခဲ့ပြီ ဖြစ်ကြောင်း တနိုင်းမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။
"MPT ဖုန်းလိုင်းက မနေ့က နေ့လယ်ပိုင်းမှာ ပြန်ရလာပြီဟုတ်တယ်။ ဖုန်းတိုင်ပေါ်လာတော့ ရန်ကုန်က ဆွေမျိုးကိုဖုန်းခေါ်ကြည့်တာ ခေါ်လို့ရတယ်။ တခြားနေရာတွေကိုလည်း ခေါ်လို့တော့ရသွားပြီ။ ဒါပေမဲ့လည်း အရမ်းကြီး လိုင်းကောင်းတာမျိုးတော့မဟုတ်သေးဘူးပေါ့။ ဒီလောက်အထိ ပြောနိုင်တာကိုပဲ ဝမ်းသာရပါတယ်" ဟု ၎င်းမှ ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ပြီး MPT, MYTEL, ATOM, OREDOO စသည့်ဖုန်းလိုင်းအားလုံးအား ပြတ်တောက်ခဲ့ရာမှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ATOM ဖုန်းလိုင်းပြန်လည်ရရှိခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် MPT ဖုန်းလိုင်းလည်းပြန်လည်ရရှိခဲ့ကာ Mytel နှင့် Oredoo ဖုန်းလိုင်းနှစ်ခုမှာ ယနေ့အချိန် မရရှိသေးကြောင်း သိရသည်။
အလင်း(EPN)
#သတင်းဟင်းလေးအိုးကြီး
