17 ပတ် - ဘာသာပြန်ပါ။

ကာ့စ်ခ်ဒေသတိုက်ပွဲမှာ မြောက်ကိုရီးယားစစ်သည် ၁၀၀ ထက်မနည်းကျဆုံးပြီး ၁,၀၀၀ ဝန်းကျင် ဒဏ်ရာရကြောင်း တောင်ကိုရီးယားအမတ်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့အတွက် ရုရှားကိုစေလွှတ်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း ကျဆုံးခဲ့ပြီး ၁၀၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး တောင်ကိုရီးယားအမတ်တစ်ဦးက ဒီဇင်ဘာ ၁၉ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဒရုန်းစစ်ဆင်ရေး အတွေ့အကြုံမရှိသလို မြေပြန့် လွင်ပြင်နယ်မြေ မျိုးနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့အတွက် အခုလို အကျအဆုံး များပြားရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားလွှတ်တော်အ မတ် လီဆောင်းကီယန်က သတင်းထောက်တွေကို ပြောပါတယ်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) က တင်ပြခဲ့တဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာ လွှတ်တော် အမတ်လီက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားကျဆုံးတပ်ဖွဲ့ဝင်အင်အား သုံးလေးရာလောက်ရှိတယ်ဆိုတဲ့ အမေရိကန်အရာရှိတစ်ဦး ပြောခဲ့တဲ့စကားနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ရဲ့ ခန့်မှန်းချက် အနည်းငယ်ကွာခြာမှုရှိကြောင်း လီက ပြောပါတယ်။

“မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်းကျဆုံးပြီး ၁၀၀၀ ဝန်းကျင် ဒဏ်ရာရရှိကြောင်း အစီရင်ခံစာ တစ်စောင်ရရှိ ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်သင်ကြားမှုတွေကို စစ်ဆေးနေသလို ရုရှားနိုင်ငံကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ရရှိထားတယ်လို့လည်း လီ က ပြောပါတယ်။

သြဂုတ်အတွင်းက ယူကရိန်းတပ်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသရဲ့ တိုက်ပွဲတွေမှာ ရုရှားအစိုးရ က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အများအပြားအသုံးပြုခဲ့တဲ့အတွက် ၎င်းတို့အကျအဆုံး များနေတာဖြစ်ကြောင်း အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေ ပြောကြားခဲ့ပြီးနောက် အခုလို တောင်ကိုရီးယားဘက်က ပြောကြားလာတာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် ရုရှားနိုင်ငံကို စေလွှတ် ထားကြောင်း အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေ၊ ရော့ကက်လောင်ချာတွေအပြင် အမြောက်ကျည်တွေနဲ့ တင့်ဖျက်ရော့ကက်တွေပါဝင်တဲ့ လက်နက်ခဲယမ်း ကွန်တိန်နာ ၁၀,၀၀၀ ကျော်ကိုလည်း ရုရှားနိုင်ငံကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားကို စေလွှတ်ထားတဲ့သတင်းနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရရော ရုရှားအစိုးရပါ တရားဝင် ဝန်ခံထားခြင်းမရှိပါဘူး။

Ref: North Korean troops suffer 100 deaths, struggling in drone warfare, South Korea says

#centralnewsnaypyitaw

image