မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကို ဖမ်းမိထား

ဒီဇင်ဘာ ၂၀

မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကိုဖမ်းဆီးရမိထားကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ပြန်ပေးဆွဲခံရသည့် ဆရာဝန်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာရပ်ကွက်၊ ၁၀၁ အေ လမ်း ၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြားရှိ ၎င်း၏နေအိမ်မှ ဆေးခန်းသို့ထွက်ခွာသွားခဲ့ပြီး မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်ပြန်ပေးဆွဲခံရသူ၏ ဇနီးဖြစ်သူထံမှ ငွေကျပ်သိန်း(၃၀၀၀)အား မီနီအိုးဝေဖြင့် အဆင့်ဆင့်လွှဲပြောင်းတောင်းယူခဲ့ကြောင်း သိရသည်။ပြန်ပေးဆွဲ သတ်ဖြတ်ခံရသည့် ဆရာဝန်မှာ အသက်(၃၃)နှစ်အရွယ်ရှိ ဒေါက်တာအောင်မြင့်မြတ်ထွန်းဖြစ်ကြောင်း သိရသည်။

“မီနီအိုးဝေနဲ့ သိန်း(၃၀၀၀)ထည့်ပေးလိုက် နင့်အမျိုးသားကိုပြန်ပေးမယ်ဆိုပြီး ဆရာမကို မီနီအိုးဝေသမားက သိန်း(၃၀၀၀) နဲ့ ဘုရားကြီးနားမှာချိန်းထားတာ။ အဲဒီကနေတဆင့် နောက်အိုးဝေသမားတစ်ယောက်ကို ထပ်ချိန်းတာ။ အမှန်တော့ ပြန်ပေးဆွဲပြီး သတ်ဖြတ်တဲ့ဆရာဝန်က နောက်ကနေကြိုးကိုင်တာပေါ့။ အဲဒီနောက်မှာ ဆရာမကလည်းမဖြစ်သေးဘူးဆိုပြီး ရဲစခန်းကိုအမှုဖွင့်တာ”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။

ထို့နောက် ပြန်ပေးဆွဲသတ်ဖြတ်ခံရသူ ဆရာဝန်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်၊ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး လမ်းဘေးတွင်ထိုးသွင်းဒဏ်ရာနှင့် မျက်နှာထိုးကြိတ်ခံထားရသည့်ဒဏ်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ယောကျာ်းရဲ့ဖုန်းက I Phone ဆိုတော့ ပထမတော့ ဖုန်းကစက်ပိတ်ထားတာ။ နောက်တော့ဖုန်းကိုဖွင့်လိုက်တဲ့အချိန်မှာ သူ့အမျိုးသမီးကလည်း Location ရှာကြည့်လိုက်တဲ့အချိန်မှာ ကန်တော်ကြီးနားက မြို့ဟောင်းဘူတာပေါ့နော်။ အဲဒီနားမှာ ဘူတာလည်းရှိတယ်။ စာသင်ကျောင်းလည်းရှိတယ်။ အဲဒီနောက်မှာမှဆေးခန်းရှိတာ။ အဲဒီဆေးခန်းမှာ Location ပြနေတဲ့အချိန်မှာ ရဲစခန်းကိုပြောပြီး ရဲစခန်းကလည်း ၁၉ ရက်နေ့ မနက်မှာဝင်ဖမ်းလိုက်တာ။ အခုထွက်ဆိုချက်ကတော့ အပြည့်အဝတော့မရသေးဘူးပေါ့နော်။ ပြောတာတော့ ဆရာဝန်ကော ဆေးခန်းအကူတွေက အဲဒီဆရာဝန်ကို ချုပ်ပြီးလုပ်တာပေါ့နော်။ အဲဒီအချိန်မှာ လက်လွန်သွားတာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။

ထို့သို့ ပြန်ပေးဆွဲသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ဆရာဝန်မှာ သတ်ဖြတ်ခံရသည့် ဆရာဝန်နှင့် ခင်မင်ရင်းနှီးသူများဖြစ်ပြီး ငွေကြေးကိစ္စရပ်များနှင့် သက်ဆိုင်နိုင်ကြောင်း ဆရာဝန်လောကသားများအကြားသတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

“အဲဒီပြန်ပေးဆွဲတဲ့ဆရာဝန်ကလည်း ပြန်ပေးဆွဲပြီးရတဲ့ငွေတွေနဲ့ KTV တွေသွား။ ကားတွေဝယ်စီးလိုက်သေးတယ်။ နောက်ပြီးတော့ ဆရာဝန်အချင်းချင်းကြားမှာထွက်နေတဲ့သတင်းတွေလည်းရှိသေးတယ်။ အဲဒီဆရာဝန်က လောင်းကစားကိုလည်းအခုနောက်ပိုင်း တော်တော်လုပ်လာတယ်တဲ့။ နောက်ပြီး အခုပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ ဆရာဝန်နဲ့လည်း ငွေရေးကြေးရေးအရှုပ်အရှင်းတွေ ရှိပုံရတယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Photo - အသတ်ခံရသည့် ဆရာဝန်၏ fb profile ပုံ

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image