18 ပတ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
ကျွန်မ သည် ရွှဲစိုနေသော ကိုယ်ဖြင့် မိုးသည်းသည်း ကြားတွင် တုန်လှုပ်စွာ နာကျင်ထိခိုက်စွာ ကားမှတ်တိုင်အထိ လမ်းလျှောက်လာခဲ့သည်။ မောင့်ရင်ခွင်မှာ တိုး၀င်၍ ၀မ်းနည်းတနည်း ၊ ရှိုက်ကြီး တငင် ငိုပစ်လိုက်ချင်သော ဆန္ဒဖြင့် မျက်ရည်များ လိမ့်ဆင်းကျလာသည်။ ယိမ်းယိုင်နေသော ခြေထောက်များသည် စိုကပ်သော ထဘီဖြင့် တွန့်ဆုတ်တုံ့နှေးစွာ လျှောက်နေ၏။
ထိုနေ့က ဘာစိတ်ကူးဖြင့် အမှတ်(၅) စီး၍ မောင့်အိမ်ပြန်ခဲ့မိကြောင်း ကျွန်မ မသိ။ အိမ်ရောက်တော့ ကျွန်မ ခုတင်ပေါ်သို့ ရေစိုရွှဲသော ခန္ဓာကိုယ်နှင့်ပင် ပစ်လှဲလိုက်၏။ ဘေးနားက ဂစ်တာကိုဆွဲ ၊ ပက်လက်အိပ်ရင်း တီးနေခဲ့သည်။ ဘာတွေ တီးမိသလဲ မမှတ်မိပါ။ ကျွန်မစိတ်အထင်တော့ ခါတိုင်းတီးနေကျ ကိုနေ၀င်း၏ “လွမ်းရေးခက်ခက်” သီချင်းနှင့် “နောက်ဆုံး အိပ်မက်” တစ်ခုခုပဲ ဖြစ်မည်။ အစအဆုံးလည်း ဟုတ်မည်မထင် ၊ ဟိုတစ်ပိုဒ် ၊ သည်တစ်ပိုဒ်ပဲ ဖြစ်မှာ … ။
လမ်းထိပ် ကင်းတဲဆီမှ ၆ နာရီ သံချောင်းခေါက်သံကိုပင် သဲ့သဲ့ကြားနေရသေး၏ ။
မှေးခနဲ အိပ်ပျော်သွားသလား မသိ။ ကျွန်မကို တစ်ယောက်ယောက်က ပွေ့ထူသလို ခံစားရမှ နိုးလာသည်။
ကျွန်မ အပေါ်မှာ အုပ်မိုးနေသော မောင့်မျက်နှာ … ။
“ချစ် … ချစ်ရယ်”
“ချစ် မဟုတ်ပါဘူးကွယ် … နန်းပါ”
ထိုနေ့ညက မောင့်ကို ပြောခဲ့သော တစ်ခွန်းတည်းသော ခနဲ့စကားပါ။ မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင်၏ မွေးပွ တစ်ဘက်စောင်ဖြင့် ခြုံကာ ရေစိုသော ခန္ဓာကိုယ်ကို ခြောက်သွေ့စေသည်။ ကျေးဇူးတင်ကြောင်းပြောဖို့ သတိရသေး၏ ။ မပြောဖြစ်ဘူး ထင်တယ်။ ထို့နောက် စိုကပ်နေသော ဆံပင်များကို ရေသုတ်ပေးသည်။ ရုန်းထွက်လိုက်ဖို့ ကောင်းသည်နော်။
မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင့်အင်္ကျီကို ၀တ်ပေးသည်။ စပို့ရှပ်တစ်ထည် ဖြစ်၏ ။ ထို့နောက် မောင့်ပုဆိုးကို ၀တ်ပေးသည် ။ ထဘီ၀တ်သလို မ၀တ်တတ် သောကြောင့် ခါးတွင် ဖြစ်သလို စုချည်ပေးထားခဲ့သည်။ ထို့နောက် ရေစိုအ၀တ်များကို အပြင်ဘက် ကြိုးတန်း မှာ သွားလှမ်းဟန် ရှိသည်။
“ချစ် ….”
“ဟင့်အင်း ……. ”
ကျွန်မ မျက်လုံးဖွင့်ကြည့်သောအခါ မောင့်ရင်ခွင်ထဲ ရောက်နေခဲ့ပြီ။
“အိပ်မယ်”
“အိပ်လေ ကိုယ်ပွေ့ထားမယ်”
ကျွန်မ မောင့်စကားကြောင့် ရယ်မော မဆုံးတော့ချေ။ ရယ်ရင်း ရယ်ရင်း ရယ်မောရတာကို အရသာ တွေ့ပြီး ရယ်နေပြန်တော့သည်။ မောင့်ကို ဘာစကားမျှ မပြောခဲ့ကြောင်း သေချာပါသည်။မောင်က ကျွန်မ မျက်နှာကို စိုက်ကြည့်ရင်း ….
“ဟန်ဆောင် ကောင်းလှချည်လား ချစ်ရယ်”
ဟူသော စကားကို ကယောင်ကတန်းပြောသလို ခဏ ခဏ ညည်းညူနေ၏။
“မောင့်ကို တစ်ခုခု ပြောပါဦး ။ မောင့်ကို ရက်ရက်စက်စက် ရိုက်စမ်းပါ”
“ဟင့်အင်း”
“ဟန်ဆောင်ကောင်းလှချည်လားဟင်”
“ဘာဖြစ်စေချင်လဲ ၊ ကိုယ်ဘာလုပ်ပေးရမလဲ ။ ဘယ်လိုဖြစ်မှ ကျေနပ်မှာလဲ”
“ဟင့်အင်း”
ထိုနေ့ညသည် ကျွန်မနှင့် မောင်၏ နောက်ဆုံးညသာ ဖြစ်ပါသည်။
~~~~~~~
အခန်း ၈ ဆက်ရန်>>>

image