ဘန်ကောက်မှာ မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌ ၃ နိုင်ငံနဲ့ ထိုင်းဦးဆောင်ပြီး ဆက်ဆွေးနွေးမယ်

ဒီဇင်ဘာ ၂၀

အာဆီယံ ၆ နိုင်ငံပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆက်ပြီး ကျင်းပဖို့ရှိနေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ မနေ့ ပထမနေ့ အစည်းအဝေးက ဆွေးနွေးချက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထည့်သွင်းဆွေးနွေးသွားဖို့ရှိနေပါတယ်။

ဒုတိယနေ့ အစည်းအဝေးမတိုင်ခင်ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆီယံအလှည့်ကျ အရင်ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်က ဦးဆောင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ အိမ်ရှင်ထိုင်းနိုင်ငံ အပါအဝင်၊ ပြီးခဲ့တဲ့နှစ် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအို၊ လာမယ့်အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား တို့အပြင် ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာဆီယံ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားပြုသူတွေ တက်ရောက်ကြဖို့ရှိနေပါတယ်။

နိုင်ငံရဲ့ နယ်စပ်တွေမှာ ပြင်းထန်တိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်းနိုင်ငံတွေ အပေါ် ရိုက်ခတ်မှုတွေရှိလာချိန်မှာ ဒီဆွေးနွေးပွဲဖြစ်ပေါ်လာတာပါ။

ကုလသမဂ္ဂကလည်း မြန်မာမှာ ပဋိပက္ခတွေကြောင့်လူဦးရေ ၃ သန်းခွဲလောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးနေရပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒီဆွေးနွေးပွဲမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိုလည်းဆွေးနွေးကြဖို့ရှိနေပါတယ်။

ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ညှိနှိုင်း အစည်းအဝေးတက်ရောက်မယ့်စာရင်းမှာ မနေ့က ပထမနေ့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့ စာရင်းကိုတော့ မတွေ့ရပါဘူး။

ဒါကြောင့် ဒီဇင်ဘာ ၂၀ ဒုတိယနေ့ အစည်းအ‌ဝေးကို ဦးသန်းဆွေ တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကိုတော့ အတိအကျသိရတာမရှိသေးပါဘူး။

နစက ကတော့ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် ကျင်းပမယ့်အစည်းအဝေးကို တက်ရောက်ဖို့ ဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ ထိုင်းနိုင်ငံကို သွားရောက်တယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

#centralnewsnaypyitaw

image