"တိတ်တိတ်ကလေး ဝင်ရောက်လာတဲ့ Depression"
◾လူတိုင်းလိုလိုက စိတ်ဓာတ်ကျတယ်ဆိုတာဟာ ငိုချင်စရာကောင်းတဲ့ နေ့တစ်နေ့၊ စိတ်ပျက်စရာ အဖြစ်အပျက်တစ်ခု၊ ဒါမှမဟုတ် ဝမ်းနည်းစရာ အခြေအနေတစ်ရပ်ကနေ စတင်တယ်လို့ ထင်ကြပါတယ်။ အမှန်တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ငှက်ဖျားရောဂါလို တဖြည်းဖြည်း၊ တစ်စတစ်စ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တော်တော်များများ သတိမထားလိုက်မိတဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာလေးတွေအကြောင်း ပြောပြချင်ပါတယ်။
🔳 ပထမဆုံး လက္ခဏာတစ်ခုက နေ့စဉ်လုပ်ငန်းတွေကို စိတ်မပါဘဲ အလိုအလျောက်လုပ်နေတာပါ။ အိပ်ယာထ၊ မျက်နှာသစ်၊ အလုပ်သွား၊ အလုပ်လုပ်၊ အိမ်ပြန်။ Robot လို လုပ်နေရတဲ့ ခံစားချက်မျိုး။ ဒီထက်ပိုအဓိပ္ပါယ်ရှိတဲ့ ဘဝမျိုး ရှိရမယ်လို့ ခံစားနေရပေမယ့် အဲဒီအထိ မရောက်နိုင်သေးတဲ့ ခံစားချက်မျိုး။
လုပ်ရိုးလုပ်စဉ်အတိုင်း အားတင်းပြီး နေ့စဉ်လုပ်ငန်းတွေကို လုပ်နေရတယ်။ တစ်ခါတစ်လေ လမ်းလျှောက်နေရင်း ရပ်လိုက်မိတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ မေ့နေသလိုမျိုး။ စက်ရုပ်တစ်ရုပ်လို ဖြစ်နေတယ်။
ဘာလို့ အရင်လို မပျော်တော့မှန်း မသိဘူး။ ဘာလို့ နေ့တိုင်း ပင်ပန်းနေမှန်း မသိဘူး။ ဘာလို့ ဘာလုပ်လုပ် အဓိပ္ပါယ်မရှိသလိုခံစားနေရမှန်း မသိဘူး။
🔳 နောက်တစ်ခုက စိတ်ဝင်စားမှုတွေ ပြောင်းလဲလာတာပါ။ အရင်က ကြိုက်နှစ်သက်တဲ့ ဝါသနာတွေ၊ အပန်းဖြေနည်းတွေက အခု စိတ်မဝင်စားတော့ဘူး။ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာတွေတောင် အရသာမရှိတော့သလို ခံစားလာရတယ်။
ရုပ်ရှင်ကြည့်နေရင်းလည်း ဇာတ်လမ်းထဲကို စီးမျောမသွားနိုင်တော့ဘူး။ သီချင်းတွေကလည်း အရင်လို နှလုံးသားကို မထိရှတော့သလို။ အနုပညာတွေ၊ ရသတွေ၊ အလှအပတွေအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးလာတယ်။
တစ်ချိန်က စွဲလမ်းနှစ်မြှုပ်ခဲ့တဲ့ ဝါသနာတွေဟာ အရသာမဲ့လာတယ်။ စာအုပ်တွေကို အရင်က တစ်ညလုံး အိပ်ရေးပျက်ပြီး ဖတ်နိုင်ခဲ့ပေမယ့် အခုတော့ တစ်မျက်နှာတောင် မဖတ်နိုင်တော့ဘူး။ ရယ်မောသံတွေ၊ လှုပ်ခတ်တဲ့ ခံစားချက်လေးတွေ အားလုံး တိတ်ဆိတ်ပြီး ငြိမ်သက်နေတယ်။
🔳 တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာတတ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို မမြင်တော့ဘူး။ အားလုံးက ကိုယ့်ထက် တော်နေသလိုပဲ။ တစ်ချိန်က အရည်အချင်းပြည့်ဝတယ်လို့ ထင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အခု ဘာမှမဟုတ်တဲ့သူလို ဖြစ်လာတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကိုယ်က နောက်ကောက်ကျကျန်သလိုမျိုး ခံစားလာရတယ်။
အစားအသောက် အပြောင်းအလဲတွေလည်း ဖြစ်တတ်ပါတယ်။ မနက်စာ စားချင်စိတ် မရှိတော့ဘူး။ ညနေရောက်တော့လည်း မဆာချင်သေးဘူးဆိုပြီး ညဘက်ရောက်မှ အစာအလွန်အကျွံ စားမိတယ်။ တစ်ခါတစ်လေ နာရီနဲ့ချီပြီး ဘာမှမစားဘဲနေမိတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ချိုတဲ့အစားအစာတွေကိုပဲ မက်မောလာတယ်။
🔳 အိပ်စက်ခြင်းမှာလည်း ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ညဘက်ဆို အိပ်ယာထဲ လှဲနေပေမယ့် မအိပ်နိုင်ဘူး။ မနက်လင်းတော့လည်း မထချင်ဘူး။ အိပ်ပျော်သွားရင်တောင် အိပ်မက်ဆိုးတွေကြောင့် လန့်နိုးလာတယ်။ တစ်နေကုန် အိပ်ချင်မူးတူးနဲ့ ဆက်လက်ရှင်သန်နေရတယ်။
အသေးအမွှားလေးတွေကို စိတ်ညစ်လွယ်လာတယ်။ ရုတ်တရက် စိတ်ဆိုးလွယ်လာတယ်။ လူတွေနဲ့ တွေ့ဆုံဆက်ဆံရတာကို ရှောင်ရှားလာတယ်။ ဖုန်းမြည်လာရင် မကိုင်ချင်တော့ဘူး။ Message တွေကို ဖတ်ရုံဖတ်ပြီး ပြန်မဖြေချင်တော့ဘူး။ ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်းနေချင်လာတယ်။
ဆုံးဖြတ်ချက်တွေ မချနိုင်တော့ဘူး။ အသေးအဖွဲ့လေးတွေတောင် ရွေးချယ်ရခက်လာတယ်။ ဒီနေ့ ဘာစားမလဲ၊ ဘာဝတ်မလဲ စတဲ့ ရိုးရှင်းတဲ့ကိစ္စလေးတွေတောင် ဆုံးဖြတ်ဖို့ ခက်ခဲလာတယ်။
🔳 ခန္ဓာကိုယ်မှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ခေါင်းကိုက်တာ၊ ကျောပိုးတာ၊ ဗိုက်အောင့်တာ၊ နှလုံးခုန်မြန်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
ကိုယ်လက်ကိုက်ခဲမှုတွေက မကြာခဏ ဖြစ်လာတယ်။ ခေါင်းတွေ မကြာခဏ ကိုက်လာတယ်။ ရင်ထဲမှာ မကောင်းသလိုလို။ အသက်ရှူကြပ်သလိုလို။ ဒါပေမယ့် ဆရာဝန်ပြတော့ ဘာရောဂါမှ မရှိဘူးတဲ့။
📌ဒါတွေအားလုံးဟာ စိတ်ဓာတ်ကျခြင်း (Depression) ရဲ့ လက္ခဏာတွေပါ။ ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တော့ဘဲ တစ်ခုခု ချို့ယွင်းနေပြီဆိုတာကို သတိပေးနေတဲ့ အချက်ပြသံတွေပါ။
တကယ်လို့ သင့်မှာလည်း အထက်ပါ လက္ခဏာတွေ တွေ့လာရင် ရှက်စရာ၊ ဖုံးကွယ်စရာ မလိုပါဘူး။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပါ။ ကုသလို့ရပါတယ်။
ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ ဆရာဝန်ဆီ သွားသလိုပဲ၊ စိတ်က နေမကောင်းဖြစ်တဲ့အခါမှာလည်း ကုသနိုင်ဖို့အရေးကြီးပါတယ်။ အချိန်မီ သတိထားမိပြီး စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ ဆွေးနွေးကုသမှုခံယူမယ်ဆိုရင် ပိုကောင်းတဲ့ဘဝကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
#ဉာဏ
December 2, 2024
#crd
