CNG အပြည့်မရသဖြင့် YBS ယာဥ် ပြေးဆွဲသည့်ပမာဏ ကျဆင်းနေ
ဒီဇင်ဘာ ၂၀
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဥ်များအတွက် ဖြည့်တင်းပေးနေသည့် CNG ဂတ်စ်ဆိုင်များတွင် မီးပျက်ချိန် ကြာမြင့်မှုကြောင့် CNG အပြည့်မရသဖြင့် YBS ကား ပြေးဆွဲသည့် ပမာဏကျဆင်းနေကြောင်း YRTC မှသိရသည်။
ရန်ကုန်မြို့အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေကြောင်း လျှပ်စစ်မီး လုံလောက်စွာမရသည့်အတွက် CNG ဂတ်စ်များ အပြည့်အဝ မရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။
“CNG ဂတ်စ် ကောင်းကောင်းမရလို့ ကားတွေ နည်းသွားတာမှန်ပါတယ်။ မီးပျက်တဲ့အချိန်တွေကြာလာတော့ ကားထွက်တဲ့အရေအတွက်လည်း နည်းသွားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
CNG များ အပြည့်အဝ မရရှိခြင်းကြောင့် YBS ယာဉ်များ အပြည့်အဝ မထွက်ရှိနိုင်ဘဲ ယာဉ်ရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း ခရီးသည်များက ဆိုသည်။
"Gas က မရဘူး။ ရုံးတက်/ရုံးဆင်းချိန်ကိုမီအောင် မနည်းထွက်ပေးနေရတယ်။ အရင်တုန်းက လေးခေါက်၊ ငါးခေါက် ကားဆွဲနိုင်တယ်။ အခုက နှစ်ခေါက်လောက်ပဲ ရတော့တယ်။ ပြီးရင် Gas ပြန်တန်းစီရတယ်။ ရုံးတက်ချိန် က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း၌ ယာဉ်အစီးရေ ၃၅၀၀ ခန့်က ခရီးသည်တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ ထက်ဝက်ခန့်နီးပါး လျော့နည်းပြေးဆွဲနေရကြောင်း YRTC ထံမှ သိရသည်။
#centralnewsnaypyitaw
