18 ပတ် - ဘာသာပြန်ပါ။

CNG တန်းစီနေရသည့် အခက်အခဲကြောင့် YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေ

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် CNG လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် အခက်အခဲဖြစ်နေပြီး YBS ယာဉ်များသည်လည်း CNG တန်းစီနေရပြီး YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေကြောင်း သိရသည်။

“အရင်က လေးဝိုင်းလောက်ပတ်နိုင်ရင် အဲဒီထက်လျော့သွားတယ်၊ တန်းစီနေရတယ်။ Gas ရဖို့ကို၊ ရုံးတက်ချိန်က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေသောကြောင့် ရုံးဝန်ထမ်း ခရီးသွားအများစုမှာလည်း ယာဉ်ပေါ်တွင် မတန်တဆ လူများခြင်းဖြင့် စီးနင်းရသည့် အခက်အခဲ၊ ကားများကို ကြာရှည်စွာစောင့်ဆိုင်းရသည့် အခက်အခဲများ ဖြစ်ပေါ်နေသည်။

“၇၂ ဆို အကြာကြီးစောင့်ရတယ်၊ လူတွေကလည်း များကြီး၊ ခါးပိုက်နှိုက်လည်းကြောက်ရ၊ ကားစောင့်ရတာကြာနဲ့ အိမ်ပြန်ရောက်ရင် မိုးစုန်းစုန်းချုပ်နေပြီ” ဟု YBS ကို ပုံမှန်စီးနေသည့် ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း၌ YBS ယာဉ်အစီးရေ (၃၅၀၀) ခန့်က ခရီးသည် တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ CNG အခက်အခဲကြောင့် လျော့နည်းပြေးဆွဲနေရကြောင်းလည်း သိရသည်။