18 ပတ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
“ညီမလေးက ကယ်မက်စ်ထရီနော် ၊ ဘယ်နှစ်နှစ်လဲ”
“အခု ဖိုင်နယ်လ်ယီးယားပါ”
“ကျောင်းပိတ်သလား”
“ဟုတ်ကဲ့”
“ရောက်တုန်း ဖြည်းဖြည်းပေါ့ကွယ် ၊ မပြန်နဲ့ဦး ၊ တစ်နေ့နေ့တော့ ညီမလေးကို ညစာ ကျွေးချင်တယ် ၊ ဘယ်နှယ့်လဲ ၊ နင့်အချိန်တွေထဲက ငါ့ကို နည်းနည်း ခွဲပြီးတော့ မပေးနိုင်ဘူးလား”
ကျွန်မ ရယ်မော၍ မောင့်ကိုစတော့ မောင်သည် တအံ့တသြ ငေးစိုက်လျက် ခေါင်းကို ခါယမ်းနေပါသည်။ ကျွန်မ အမေးကို ဖြေသည့်သဘော မဟုတ်ပါ ။
စိတ်ပျက်လက်ပျက် ဘာလုပ်ရမှန်း မသိလို့ ပြုမူတတ်သော မောင့်အကျင့်သာ ဖြစ်၏။
“ကျေးဇူးပါ မမရယ် ၊ ဒါပေမယ့် နန်း မနက်ဖြန် ပြန်မှာပါ”
“သြော် .. ဟုတ်လား …ကဲ … ဒါဖြင့် ငါအလိုက်မသိလို့ နင်ဆဲနေဦးမယ် ၊ ရော့ … ဒီမှာ နင်တို့ အတွက်ငါရှင်းပေးခဲ့ပြီ”
ပြေစာစာရွက်လေးကို မောင်တို့ နှစ်ဦး ကြား ချပေးလိုက်သည်။ မောင့် မျက်နှာမှာ တအား နာကျင်စွာ အရိုက်ခံရသလို ရဲသွား၏။
“ဟာ .. ဘာဖြစ်လို့ ပေးလိုက်တာလဲ ကွာ ခက်လိုက်တာ”
မောင့်အသံများ အနည်းငယ် တုန်နေသလိုပဲ။
“မမကလဲ အားနာစရာ”
“အို တစ်ခါတစ်လေ ကြုံတာ ၊ ဒီလို ဆုံမိဖို့လည်း လွယ်တာမှ မဟုတ်ဘဲ ညီမလေးရယ်”
မောင့်မှာပိုက်ဆံ ပြတ်သွားပြီဆိုတာ ကျွန်မ သိပါသည်။ မောင် တစ်ယောက်ယောက် ဆီက ချေးငှားလာခြင်း ဖြစ်လိမ့်မည်။
“ကဲ .. ငါပြန်မယ်”
“ဟာ .. ဘယ်ဖြစ်မလဲ ၊ အပြင်မှာ မိုးတွေ ဒီလောက် သည်းနေတာ”
မောင့်အသံက ကျွန်မအား မိုးရွာထဲသို့ တကယ်မပြန်စေလိုသော စေတနာ အပြည့်နှင့်ဆိုတာ ကျွန်မ သိပါသည်။ အနည်းငယ်ပိုင်စိုးပိုင်နင်း လေသံပင်လျှင် အကျင့်ပါနေ၏။
“ရပါတယ်”
“မရပါဘူး မပြန်စမ်းပါနဲ့ ၊ နန်းမှာ ထီးပါတယ် ၊ ပြီးတော့ သူနဲ့အတူ ဆောင်းပေါ့”
“ဟင့်အင်း ၊ နေပါစေ ၊ နှစ်ယောက်ဆောင်းတော့ မလုံဘူးပေါ့ဟယ် ၊ တစ်ယောက်တည်း ဆောင်းတာ ကောင်းပါတယ် ၊ ငါကဖြစ်ပါတယ်။ မိုးရွာထဲ လျှောက်နေကြပါဟာ”
မောင်၏ နာကျင် နင့်သီးသော မျက်လုံးများကို ဖျက်ခနဲ တစ်ချက် ကြည့်ပြီး ကျွန်မ ရုတ်ခြည်း ထွက်လာခဲ့၏။
#ဆက်ရန်ရှိ

image