ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အထည်အလိပ်စက်ရုံမှ မီးစက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပန်းပဲဝန်ဦးရွှေအိုးလမ်းရှိ အထည်အလိပ်စက်ရုံမှ မီးစက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီ ၅၁ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ Yangon Rescue Organization အဖွဲ့ဝင် "လူမှုကူညီရေးအသင်း ၇ သင်းမှ လူနာတင်ယာဉ် ၈ စီး၊ စေတနာ့ဝန်ထမ်း ၂၃ ဦးတို့ သွားရောက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ရေးရာ ၈ နာရီ ၁၃ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။
“မီးစက်ကနေ အပူလွန်ကဲပြီး လောင်တာ။ အဲ့မှာရှိတဲ့ ဒီဇယ်ပေပါတွေလောင်တယ်” လို့ Yangon Rescue Organization အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုစက်ရုံအနီးရှိ အမျိုးသမီးနှစ်ဦးလည်း မီးခိုးမွှန်သောကြောင့် ၁၀၈ ကန်ဦး လူမှုကူညီရေးအသင်း ယာဉ်ဖြင့် တင်ဆောင်ပြီး ဒဂုံအရှေ့၊ ၁၂ ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ "ဇေယျသုခ အထူးကုဆေးခန်း" တွင် ဆေးကုသမှု ခံယူပြီးနောက် ထိုနှစ်ဦးကို နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw

