တပ်မတော်(ကြည်း၊ ရေ၊​ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးက ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးက ဝန်ကြီးချုပ်ရုံးဝန်ကြီးဖြစ်လာ

ဒီဇင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သလို လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုလည်း ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့ညတွင် နစက က ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၂ /၂၀၂၄ အရ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် ယနေ့ ခန့်အပ်တာဝန်ပေးလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၃ /၂၀၂၄ အရလည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးလိုက်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယခုတာဝန် မထမ်းဆောင်မီက ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယခု ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးတာဝန်မထမ်းဆောင်မီက တပ်မတော်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊‌ လေ) တာဝန်ကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage