~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
“အင်း .. ဘာသောက်ရရင် ကောင်းမလဲ ၊ သံပုရာရည်ပဲ ပေးပါ”
ကျွန်မ၏ ဒူးများ တဆတ်ဆတ် တုန်၍ ယိုင်နွဲ့နေဆဲ ဖြစ်၏။ မောင်သည် ကျွန်မကို လှမ်းကြည့်နေ၏။ မောင့်မျက်နှာ၏ အနေရခက်မှု ရှက်ရွံထိတ်လန့်မှု သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ မောင်သည် ကျွန်မလောက် ဟန်ဆောင်မြန်သူ မဟုတ်ချေ။ မောင့်ကို မျက်လုံးချင်းဆုံချိန် ကျွန်မ ဒုတိယအကြိမ် ပြုံးရယ် ပြလိုက်သောအခါ ပထမအကြိမ်ထက် ပိုမို လွယ်ကူသွားသည်ကို အံ့သြစွာ သိလိုက်၏။ မောင်ကလည်း တကယ့်ကို မိတ်ဆွေ တစ်ယောက်ကို ပြုံးပြသော အပြုံးမျိုးပါ။
မောင့်အပြုံးကြောင့် မိန်းကလေးက ကျွန်မဘက် လှည့်ကြည့်သည်။ နက်မှောင်သော မျက်လုံးများက မောင့်ကို ညို့ယူနိုင်စွမ်းမည်ဟု သံသယ ဖြစ်ဖို့ မလိုပါ။ မောင်က တစ်ခုခု ပြောလိုက်၏။ ကျွန်မ မည်သူ ဟု ပြောခြင်းပင် ဖြစ်ပေလိမ့်မည် ။ မိန်းကလေးက ကြည်လင်သော မျက်နှာပေးကလေးဖြင့် ကျွန်မကို ခေတ္တစိုက်ကြည့်ပြီး နှုတ်ခမ်းက ပြုံးလာသည်။ ခပ်လှမ်းလှမ်းမှ ကြည့်လျှင်ပင် နှုတ်ခမ်းလေး၏ နူးညံ့လတ်ဆတ်မှုကို ခံစား၍ ရ၏။ ထို့နောက် မောင်ရောမိန်းကလေးရော ခေါင်းငုံ့၍ စကားပြောနေကြဟန် တူသည်။
ကျွန်မ ရင်ထဲမှ မခံမရပ်နိုင်အောင် နာကျင်မှုသည် ဒေါသဖြင့် နာကျည်းခြင်း မဟုတ်ပါ။ နူးညံ့သော ၀မ်းနည်းခြင်းသာ ဖြစ်ပါလိမ့်မည်။ သံပုရာရည် လာချသောအခါ အနည်းငယ်သာ ကျွန်မ သောက်ပါသည်။ အပြင်တွင် မိုးသည် သဲမဲစွာ ရွာသွန်းနေ၏။
ကဲ … နင် ဘာလုပ်မလဲ ၊ မိုးမစိုတဲ့ အရိပ်အောက်မှာ ခက်ခက် ခဲခဲ ထိန်းချုပ်ရင်း နေမလား ၊ မိုးရွှဲနေတဲ့ လမ်းပေါ်မှာ တစ်ယောက်တည်းစိတ်ကို လွှတ်ပစ်မလား ။ နောက်ဆုံး အပြင်မှာပဲ စိတ်ဆင်းရဲဖို့ ဆုံးဖြတ် လိုက်၏။ သို့သော် ကျွန်မ မောင့်ကို နှုတ်ဆက်ချင်သေးသည်။ ပိုက်ဆံ ရှင်းသောအခါ မောင်တို့ စားပွဲအတွက် ပြေစာ စာရွက် သတ်သတ်ဖြင့် ရှင်းပေးလိုက်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချစွာ ၊ အနည်းငယ် မိုက်မဲစွာ မောင်တို့ စားပွဲသို့ လျှောက်သွား၏။
ဟန်ဆောင်ထားသော မောင့် မျက်လုံးများ တစ်ချက်လက်ခနဲ စူးသွားသည်။ နူးညံ့၍ လုံး၀န်းသော မောင်၏ အောက်နှုတ်ခမ်းလေးသည်ပင်လျှင် ဆတ်ခနဲ တုန်ယင်သွားလေသည်။ အနီးကပ် ရပ်လိုက်သော ကျွန်မကို မော်ကြည့်နေသည့် မောင့်မျက်နှာမှာ အသနားခံ တောင်းပန်သည့် မျက်နှာပါ သေချာပါသည။ တောင်းပန်၍ မရလျှင် ဖြစ်ချင်ရာ ဖြစ်ဟူသော စိတ်ပျက်အားငယ်တော့မည့် မျက်နှာလည်း ဖြစ်၏။
“ကြည့်စမ်း ၊ နင် ကျောင်းလစ်ပြီး ဒီမှာ လာငြိမ့်နေတာကိုး ၊ ငါတောင် ချိုင်းလ်ဝါ့ဒ် ထဲ ရောက်ခဲ့သေးတယ်။ ဒေါ်မာမာစိန် လက်ချာယူတယ်လေ။ နင်သိတယ် မဟုတ်လား”
မောင်သည် ကြိုးစားထိန်းချုပ်ထားသော မျက်နှာထားဖြင့် ပြုံးလျက် ခေါင်းညိတ်သည်။
“အနှောက်အယှက် မဖြစ်ဘူးဆိုရင် ထိုင်မယ်နော်”
“ဟာ ထိုင်ပါ ထိုင်ပါ ”
မောင်ရော မိန်းကလေးပါ အနေခတ်နေဟန် ရှိသည်။ ကျွန်မက မောင့်တို့ နှစ်ဦးကြားတွင် ထိုင်ပါသည်။ မောင်က ပင့်သက် ခိုးရှိုက်လေသည်။ မောင်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မရယ်မောရက်စွာပင် သနားနေခဲ့သည်။
“ဟေ့ .. နင်ငါ့ကို နှုတ်ပိတ်ခ ဘာကျွေးမှာလဲ ၊ ငါက တစ်ကျောင်းလုံး သိသွားအောင် သတင်းလွှင့်ပစ်လိုက်မှာနော်”
မောင် မျက်နှာပျက်သွားသည်။ မိန်းကလေးကတော့ မောင် ရှက်သွားသည်ဟု ထင်လိမ့်မယ်။ ကျွန်မကတော့ မောင့်ကို နှစ်များစွာ ပေါင်းသင်းလာခဲ့သူမို့ မောင် ဘာဖြစ်သွားမှန်း သိလိုက်၏။
“နန်း နဲ့ မိတ်ဆက် ပေးရဦးမယ်”
မောင့်ကို အားလျော့ စိတ်ပျက်ဟန်နှင့် ပြဿနာကို ရင်ဆိုင်လိုက်တော့မည့် မျက်နှာငယ်ငယ်ကို ကျွန်မ အရသာခံ၍ မကြည့်ရက်သောကြောင့် ကျွန်မကပင် စကားဖြတ်ပစ်လိုက်၏။
“နန်းကိုသာ မိတ်ဆက်ပေးဖို့ လိုမှာ ၊ မမ နာမည်က စုစုထွေးလို့ မှတ်ထားနော် ။ မမတို့က ဒုတိယနှစ်ကတည်းက သိပ်ခင်တဲ့ အတန်းဖော် သူငယ်ချင်းတွေပါ။ နန်းကို မမတော့ သိပြီးသား နန်း အကြောင်း သူပြောလွန်းလို့ နန်းကို မမြင်ဖူးခင်ကပဲ သိနေတာ”
“အို …”
မိန်းကလေး၏ အာမေဋိတ်သံ က ရှက်ရွံစွာ ၊ မောင့် အာမေဋိတ်သံကတော့ မယုံကြည်နိုင်စွာ ။
ကျွန်မ၏ မိန်းကလေး၏ နာမည် အပြည့်အစုံကို ရွတ်၍ “အဲဒီနာမည်ကတော့ မမတင်မကဘူး ။ မမတို့ တစ်တန်းလုံး ရင်းနှီးထားပြီးသား သိလား” ဟု ချစ်စနိုး စနောက်လိုက်သည်။ မိန်းကလေးက ရှက်ရွံ့စွာ တိုးတိုးကလေး ရယ်၍ လက်ကိုင်ပုဝါ ခေါက်ဖြင့် မောင့်လက်ဖျံကို လှမ်းရိုက်သည်။
“ကြည့် .. .. ကိုကိုက မကောင်းဘူး ၊ ဘာတွေ လျှောက်ပြောထားတာလဲ”
မောင်က အသက်ကင်းမဲ့စွာ ရယ်နေလေသည်။ ဟန်ဆောင် ထိန်းချုပ်ထားသည့် မျက်နှာမှာ ကျွန်မကို ကျေးဇူးတင်သည့် မျက်လုံးတို့က ရွှန်းလက်သွား၏။ တစ်ချိန်တည်းမှာပင် အံ့သြနာကျင် ဟန်လည်း မြင်ရသည် ‘ပလေတန်’ တို့ ‘ဂျက်ဖ်ကုတ်’ တို့ ပြဌာန်း စာအုပ်များကိုသာ မကြေညက်သော ကျွန်မသည် မောင့်မျက်နှာထားကိုတော့ အစအဆုံး အလွတ်ရနေပြီဖြစ်၏။
“သိပ်တော့ မပြောပါဘူး ညီမလေးရယ် အထက်တန်း ကျောင်းသား ဘ၀ကတည်းက ချစ်မြတ်နိုးလို့ အသည်းအသန် လိုက်ခဲ့ရတဲ့အကြောင်း ၊ ညီမလေး ကျောင်းအပြန်မှာ ကျောင်းအုတ်ခုံ ကနေ စောင့်စောင့်ကြည့်တဲ့ အကြောင်း ညီမလေးက သိပ်မာနကြီးတဲ့ အကြောင်း ၊ မနှစ်ကမှ ညီမလေးဆီက ခက်ခက်ခဲခဲ ရတဲ့အကြောင်း ၊ ကြာတော့ မမတို့ နားငြီးလာရော သိလား ၊ အမယ် နန်းကိုကိုက မမတို့ နားမထောင်ရင် လက်ဖက်ရည် တိုက်ပြီးကို ပြောတာ”
“ဟာ ကိုကိုနော်”
ကျွန်မ၏ ဟက်ဟက်ပက်ပက် ရယ်သံမှာ နာကျင်သံ နည်းနည်း မျှ မစွက်ပါ။
#ဆက်ရန်ရှိ
