ရွှေပြည်သာတွင် ရပ်ထားသည့် ယာဉ်နှစ်စီးကို (၁၄) ပေကန်တာယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီး၊ မြင်းလှည်းဂိတ်မှတ်တိုင်အနီးတွင် ရပ်ထားသည့် ယာဉ်နှစ်စီးကို (၁၄) ပေကန်တာယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၃ နာရီ ၄၃ အချိန်တွင် ယာဉ်တိုက်မှုကြောင့် ယာဉ်ထဲတွင်လူ ညှပ်နေ ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်ခေါင်းထဲတွင် ညှပ်နေသည့် အမျိုးသားကို ၄ နာရီ ၄ မိနစ်အချိန်တွင် အပြင်သို့ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ယာဉ်နှစ်စီးက လမ်းမှာရပ်ထားတာ။ အဲ့ယာဉ်နှစ်စီးရဲ့အနောက်ကနေပြီးတော့ ၁၄ ပေကန်တာယာဉ်က တိုက်မိတာ။ ယာဉ်အကူကတော့ အနည်းယာဉ်ပွန်းပဲ့ဒဏ်ရာပဲရတာ။ ယာဉ်မောင်းကတော့ ခေါင်းခန်းမှာ ညှပ်နေတာ။ သူက မျက်ခုံးနဲ့ ခြေထောက်နှစ်ဘက်မှာ ဒဏ်ရာတွေရတယ်။ ရပ်ထားတဲ့ယာဉ်နှစ်စီးလည်း အနည်းငယ်ပျက်စီးတယ်။ ၁၄ ပေကန်တာယာဉ်လည်း ခေါင်းပိုင်းပျက်စီးတယ်” လို့ မြေပြင်အားသွားရောက်ကူ ညီသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

ထို့ပြင် ဒဏ်ရာရရှိသူအမျိုးသားကို ရွှေမေတ္တာပရဟိတလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image