ရွှေဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းငွေကြေးကို ဘဏ်တွင်အပ်ထားကြောင်း မူရင်းသက်သေတင်ပြရန် လိုအပ်

ဒီဇင်ဘာ ၁၈

ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းငွေကြေးကို ဘဏ်တွင်အပ်ထားကြောင်း Bank Statement မူရင်း သက်သေတင်ပြရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သိရသည်။

ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအနေဖြင့် ယခုဒီဇင်ဘာလ ၆ ရက်မှစတင်၍ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) ဖြင့် နေ့စဉ်ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု မပြု (မပြု)လုပ်သူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်ကြောင်းကြေညာခဲ့သည့်နေ့မှ (၃)လအတွင်း လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။

နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ရွှေရည်ညွှန်းဈေးကို စတင်သတ်မှတ်ပေးခဲ့ပြီး သတ်မှတ် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသည့် ‌ရွှေဆိုင်များအား နိုင်ငံတော်အဆင့် တိုက်ရိုက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။

သို့သော် ပြင်ပစျေးကွက်နှင့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာ စတင်သတ်မှတ်ချိန်မှ ယခုအထိ ကျပ် ၈ သိန်းဝန်းကျင် ကွာဟမြဲဖြစ်နေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၃၆၀,၀၀၀ သတ်မှတ်ပြီး ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၃၀,၀၀၀ ခန့် ဖြစ်ပေါ်နေ၍ ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၇၇၀,၀၀၀ အထိ ပိုများနေသည်ကို တွေ့ရှိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image