ပိတ်ပင်ရန် ဖိအားပေးခံရနေသည့် TikTok စီအီးအိုနှင့် ထရမ့်တို့ တွေ့ဆုံ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဖလော်ရီဒါ (Florida) ပြည်နယ်ရှိ Mar-a-Lago စံအိမ်တွင် ပိတ်ပင်ရန် ဖိအားပေးခံရနေရသည့် TikTok စီအီးအို ချူးရှူကျီ (Chew Shou Zi) နှင့်တွေ့ဆုံခဲ့ ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထရမ့်သည် ဒီဇင်ဘာ ၁၆ ရက်က ကမ္ဘာ့ပြဿနာများ အားလုံးကို ဖြေရှင်းရန် အမေရိကန်နှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် TikTok စီအီးအိုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တွင် TikTok ကို ပိတ်ပင်ရေးဥပဒေကို ယာယီဆိုင်းငံ့ ပေးထားရန် TikTok ကုမ္ပဏီက အမေရိကန် တရားရုံးချုပ်ထံ အရေးပေါ် အယူခံဝင်ထားချိန်၌ ထရမ့်နှင့် ချူးတို့၏ တွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

TikTok အနေဖြင့် တရုတ် မဟုတ်သည့် အခြားကုမ္ပဏီတစ်ခုအား ဇန်နဝါရီ ၁၉ ရက်ထက် နောက်မကျဘဲ ရောင်းချရန်၊ သို့မဟုတ်ပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်သွားမည့်ဥပဒေကို TikTok ကုမ္ပဏီက အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်သည် ထရမ့် ကျန်းသစ္စာ မကျိန်ဆိုမီ တစ်ရက်အလိုဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက် နံနက်အစောပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထရမ့်က သူသည် TikTok ပိတ်ပင်ခံရမည့် အရေးကို တားဆီးရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

"TikTok အကြောင်း ပြောရမယ်ဆိုရင် ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ TikTok အတွက် ကျနော့် နှလုံးသားထဲမှာ နွေးထွေးတဲ့ နေရာတစ်ခုရှိပါတယ်။ TikTok အရှိန်အဝါက ကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဂရုစိုက်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် TikTok သည် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီက မဲဆွယ်စည်းရုံးရေး ကာလအတွင်း ၎င်းနှင့် လူငယ် မဲဆန္ဒရှင်များအကြား ချိတ်ဆက်မှုကို ပိုမိုမြင့်တက်စေခဲ့သည်ဟု ထရမ့်က ပြောသည်။

ထရမ့်နှင့် TikTok စီအီးအိုတို့၏ တွေ့ဆုံမှုတွင် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ရှိ/မရှိနှင့် မည်သည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့သည်ဆိုခြင်းနှင့် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း ရှိ/မရှိကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ခြင်းမရှိပေ။

အမေရိကန်မီဒီယာများကလည်း ထရမ့်နှင့် ချူးတို့ မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရကြောင်း ဖော်ပြခဲ့သည်။

Source: South China Morning Post

ပုံ - ဒေါ်နယ်ထရမ့်ကို Tik Tok အက်စ်နဲ့တွေ့ရစဉ်

#centralnewsnaypyitaw

image