ယူကရိန်းသမ္မတဇီကို ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
ဒီဇင်ဘာ ၁၈
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလအတွင်း ကျင်းပမယ့် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်နိုင်ငံရဲ့ (၄၇)ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော့်အနေနဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖို့ ယူကရိန်းသမ္မတကို ဖိတ်ကြားမှာမဟုတ်ဘူး၊ တကယ်လို့ သူလာချင်တယ်ဆိုရင်တော့ လာခွင့်ရှိပါတယ်"လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဒီလအစောပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇီလန်စကီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ လိုလားနေသူဖြစ်ပြီး တင်းမာမှုတွေထပ်မံမြင့်တက်လာမှာ မလိုလားကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ရွေးကောက်ခံရမယ်ဆိုရင် ယူကရိန်းစစ်ပွဲကို (၂၄)နာရီအတွင်း အဆုံးသတ်အောင်လုပ်ဆောင်မယ်လို့ ပြောဆိုထားဖူးရာ လက်ရှိအချိန်တည်းက ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့မှာပါဝင်မယ့်သူတွေဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများဖြစ်လာအောင် ကြိုးပမ်းမှုမရှိခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ တရုတ်သမ္မတကို ဖိတ်ခေါ်ဖွယ်ရှိနေပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖွယ်ရှိ၊မရှိ မသိသေးကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်ကို ဖိတ်ခေါ်ခြင်းရှိ၊ မရှိဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်အထိ ဖိတ်ကြားစာ လက်ခံမရသေးကြောင်း ပြောပါတယ်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
