ကျပ် ၅ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တာချီလိတ်တွင် ဖမ်းမိ

ဒီဇင်ဘာ ၁၈

တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြားသိမ်းဆည်းရမိခဲ့သည်။

တရားခံကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ) အားဟွာ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ်အား စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိတရားခံများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#သတင်းဟင်းလေးအိုးကြီး

image