ထရမ့်နှင့် နေတန်ယာဟု ဆီးရီးယားအရေး ဆွေးနွေး
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၇
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) တို့သည် ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည။
ထို့ပြင် ၎င်းတို့ ၂ ဦး၏ ဆွေးနွေးမှုအတွင်း ဂါဇာတွင် ဟားမာ့စ်တို့၏ ဖမ်းဆီးခြင်းခံထားသည့် အစ္စရေးနှင့် ပြည်ပ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်ရေးကို တွန်းအားပေး လုပ်ဆောင်ရန်လည်း ပြောကြားခဲ့သည်ဟု နေတန်ယာဟုက ပြောသည်။
ထရမ့်သည် ၎င်းကျမ်းသစ္စာ ကျိန်ဆိုရမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ အချိန်အထိ ဂါဇာစစ်ပွဲကို မဖြေရှင်းနိုင်ပါက ထိုပဋိပက္ခသည် ထရမ့်သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ရင်ဆိုင်ဖြေရှင်းရမည့် အဓိကစိန်ခေါ်မှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၂၀၀ ခန့်သေဆုံးကာ လူပေါင်း ၂၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
အစ္စရေးနှင့် ဟားမာ့စ်အကြား ယာယီအပစ်အခတ်ရပ်စဲရေး ကာလအတွင်း အကျဉ်းသား လဲလှယ်မှုမှတဆင့် ဓားစာခံ ၁၀၀ ကျော် လွှတ်မြောက်ခဲ့ပြီး ၁၀၀ ခန့်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။
ဟားမာ့စ်၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာတွင်စစ်ပွဲ ဆင်နွှဲခဲ့ရာတွင် အရပ်သားအများစု အပါအဝင် လူ ၄၅,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဂါဇာဒေသ၏ လူဦးရေ အားလုံးနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဂါဇာ အာဏာပိုင်များက ပြောသည်။
ယခုလ အစောပိုင်းကလည်း ထရမ့်က ၎င်းသမ္မတ ဖြစ်လာသည့် အချိန်အထိ ဂါဇာတွင် ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လည်လွတ်မြောက်ခြင်း မရှိပါက အရှေ့အလယ်ပိုင်း၌ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက နေတန်ယာဟုနှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည်လည်း အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် အားထုတ်ကြိုးပမ်းနေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - ဒေါ်နယ်ထရမ့်နဲ့နေတန်ယာဟုကို တွေ့ရစဉ်
#centralnewsnaypyitaw
