Part-4
တသက်တာစာပေဆုရှင် သူငယ်ချင်း မောင်သာနိုး
ကိုသာနိုးက တက္ကသိုလ်ရောက်စမှာ မြန်မာဘာသာနဲ့ ကဗျာလေးတွေ ရေးရ ပါသေးတယ်။ ကြည်အေးရဲ့ လေးချိုးသံချိုဆန်ဆန် ကဗျာလေးတွေ ရေးခဲ့တာပါ။ (မြန်မာလိုရေးထားတဲ့ ငယ်လက်ရာကဗျာလေးတွေကို ပြန်ရှာပြီး စာအုပ်ထုတ်ဖို့ ကောင်းပါတယ်) နောက်ပိုင်း လူထုမှာရေးခဲ့တဲ့ “မလင်းပြာ” ကဗျာကလည်း အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ဖူးပါတယ်။ ကျွန်တော်တို့သုံးယောက် ရေးကြ တာတွေက ရိုးရာဆန်လွန်းလှတယ်လို့ ထင်ပါတယ်။ ကိုသာနိုးက ရိုးရာပုံစံကို ခေတ်ဆန်အောင် ရေးထားတာမို့ ကျွန်တော်တို့ အလွတ်ရခဲ့ဖူးပါတယ်။ ကျွန်တော်နဲ့ တင်မိုးတို့က ရွေးကောက်ပွဲအတွက် လက်ကမ်းစာစောင်တွေမှာ ကဗျာတွေရေးကြ တော့လည်း ကိုသာနိုးက ဘာသာပြန်ပေးခဲ့တာတွေ ရှိပါတယ်။ သိမ်းထားပေမဲ့ ပြေးရ၊ လွှားရ၊ ပုန်းရလျှိုးရတာတွေများလို ့ ဘာမှ အစရှာမရတော့ပါ။
တင်မိုးနဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ အခြေခံပညာ ကျောင်းသုံး၊ မြန်မာဖတ်စာတွေလုပ်ဖို့ အတူပူးတွဲရုံးတက်ရဖူးပါတယ်။ အဖွဲ့ ဥက္ကဋ္ဌက မြန်မာစာပါမောက္ခဖြစ်တဲ့အတွက် မြန်မာစာဌာနမှာ လာပြီး အလုပ်လုပ်ကြ ရတာပါ။ ကိုသာနိုးလည်း တောင်ငူဆောင်၊ (တောင်ပိန္နဲပင်အောက်က) လက်ဖက် ရည်ဆိုင်ကို လာနေကျပါ။ တစ်ခါတော့ ကိုသာနိုးမလာခင် မြန်မာစာဆရာ တစ်ယောက်ရှေ့မှာ ကိုသာနိုး အင်္ဂလိပ်စာထူးချွန်ပုံကို ပြောပြနေကြပါတယ်။ ကျောင်းသားတွေကို ပြောပြနေတာပါ။ မြန်မာစာဆရာတစ်ယောက်က အနီးမှ ရှိတာပါ။ သူက ဘိလပ်ပြန်ပါ။ ဘာသာဗေဒ သွားသင်ယူကာ စာမေးပွဲကျသူပါ။သူက ‘မောင်သာနိုး ဘာသာဗေဒဇီးရိုး'လို့ ဆောင်းပါးရေးဖူးသူပါ။ သူက “ခင်ဗျား ထိုင်ပြောနေတာ နားခါးတယ်ဗျာ၊ မောင်သာနိုးလောက်တော့ လူတိုင်းတတ်ပါတယ်။ ခင်ဗျားတို့သာ အင်္ဂလိပ်စာ ညံ့လို့ပါ၊ ခင်ဗျားတို့ကိုယ်တိုင် အင်္ဂလိပ်စာမကျွမ်းဘဲ သာနိုး အင်္ဂလိပ်စာကျွမ်းတယ်လို့ ခင်ဗျားတို့က ဘယ်လိုသိသလဲ”တဲ့၊ တင်မိုးနဲ့ အဲဒီ မြန်မာစာဆရာနဲ့က ရင်းနှီးပါတယ်။ အိမ်နီးချင်းပါ။ သူက ဒါမျိုးတွေ ပြောနေကျပဲ ဆိုပြီး ရယ်မောနေတာပါ။ ကျွန်တော်ကတော့ ဒီလိုပြန်ပြောပါတယ်။ “ဒီမှာ ကိုယ့်လူ၊ ကိုသာနိုး မကြာခင်ကပဲ အင်္ဂလိပ်စာဘာသာ ဝပ်ကင်းပီးပဲလ် ဒေးလီး သတင်းစာမှာ အင်္ဂလိပ်လိုဆောင်းပါးတစ်ပုဒ်ရေးတာ တွေ့မိသလား”လို ့ မေးတော့ “သောက်ဂရုစိုက်ပြီး မဖတ်ဘူး”တဲ့။ ဒီတော့ ကျွန်တော်က ပြောရတယ်။ “မောင်သာနိုး အင်္ဂလိပ်လိုရေးတာ ကောင်းလှချေလား”လို့ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်လို ဘိလပ်ပြန်တွေက ချီးကျူးတယ်ဗျ။ ဆရာမောင်ထင်ကလည်း ချီးကျူးတယ်။ ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်စာတတ်တယ်ဆိုတာကိုတော့ ခင်ဗျား မငြင်း နိုင်ဘူး။ သူတို့မောင်နှံက မောင်သာနိုးကို မတွေ့ ဖူးသေးဘူးတဲ့၊ သူ အင်္ဂလိပ်လို ရေးတာ သိပ်ကောင်းတာပဲကိုးကွယ်။ သူ့ကို ချီးကျူးဂုဏ်ပြုချင်လို့ ထမင်းစား ဖိတ်ပေးပါတဲ့။ ကျွန်တော့်ကိုဖိတ်ခိုင်းတာပါ။ ခင်ဗျားကို မြန်မာစာတော်လှချေရဲ့ အင်္ဂလိပ်စာ သာတော်လှချေရဲ့လို့ တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားလည်း အင်္ဂလိပ်လို ရော မြန်မာလိုရော မရေးတတ်လို့ မရေးဘူး။ ဘိလပ်ပြန်ကြီးရယ်လို့ ဘယ်သူက ဖိတ်ခေါ်ပြီး ချီးကျူးတယ်လို့လည်း မကြားပေါင်ဗျာ”လို့ပြောတော့ “ခင်ဗျားတို့ မန္တလေးသားတွေ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေကြရစ်တော့”ဆိုပြီး ထသွားပါတယ်။ “ခင်ဗျားကိုတော့ ဘယ်သူမှ ချိုတယ်ရော ချဉ်တယ်ရော မပြောကြပါလားလို့” မောင်သာနိုးကို ဘာသာဗေဒ‘ဇီးရိုး”လို့ ခင်ဗျားပြောခဲ့တယ် ခင်ဗျားသာဆိုရင် ဘာသာဗေဒ မိုင်းနပ်-ဇီးရိုးဖြစ်မှာပေါ့”လို့လည်း လှမ်းအော်လိုက်ပါတယ်။ ကိုသာ နိုးရဲ့ အင်္ဂလိပ်စာအရေးအသားကို ချီးကျူးချင်လို့ဆိုပြီး ဒေါ်ခင်မျိုးချစ်က ဖိတ်ကြား ခိုင်းလို့ ကျွန်တော်ကိုယ်တိုင် ဖိတ်ကြားပေးခဲ့ရတာပါ။
မြန်မာစာဌာနမှာ ဘာသာသိပ္ပံ သင်ကြားပို့ချမှုမရှိပါ။ သဒ္ဒဗေဒကို ဆရာ ဦးရွှေသွင်က သင်ပေးခဲ့ဖူးပါတယ်။ ဦးဖေမောင်တင်ရဲ့ စာအုပ်ကိုပဲ ဘာသာပြန်ခဲ့ ရပြီး သူကိုယ်တိုင် အသစ်ပြုစုမသွားပါ။ ဘာသာသိပ္ပံပညာသင်လွှတ်ဖို့ စီစဉ်ရာမှာ လည်း ဗိုလ်နေဝင်းက မြန်မာစာကို မြန်မာလူမျိုးထက် တတ်တဲ့သူမရှိဘူး မသွား နဲ့လို့ ပိတ်လိုက်ပါတယ်။ ဘာသာသိပ္ပံဆိုတာ ဗိုလ်နေဝင်း ဘာမှန်းမသိခဲ့ရှာပါ။ မသိပေမဲ့ မစုံစမ်းဘဲ ပိတ်လိုက်တော့ ပညာရေးမှာ နစ်နာတာပဲရှိမှာပေါ့။ မြန်မာ ပြည်မှာ တိုင်းရင်းသား ဘာသာစကားတွေ အမျိုးမျိုးရှိတယ်။ ဘာသာသိပ္ပံနည်းကျ လေ့လာဖို့ ကောင်းတယ်။ ပြင်သစ်၊ ဂျပန်၊ အင်္ဂလန်ပညာရှင်တွေက မြန်မာစကား မြန်မာစာပေ၊ တိုင်းရင်းသားစကားတွေကို စနစ်တကျလေ့လာသွားကြတာတွေ ရှိပေမဲ့ မြန်မာပညာရှင်လေ့လာတာ နည်းပါသေးတယ်။ ကျွန်တော်တို့တော့ သူငယ်ချင်း မောင်သာနိုးရေးသလောက်တောင် နားလည်အောင် မနည်းမနော လိုက်ဖတ်နေရ တာပါ။ ဘာသာသိပ္ပံလေ့လာမှု တိုးတက်ပါစေသော်...။
မောင်စွမ်းရည်
Myanmar Gazette၊ နိုဝင်ဘာ၊ ၂၀၁၈