မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁ ဘီလျံကျော်သုံးနိုင်ဖို့ ကုလမျှော်မှန်း
ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လိုအပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) က ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
အရေးပေါ် အကူအညီလိုနေသူ ၅ ဒသမ ၅ သန်းအတွက် ဒေါ်လာ ၁ ဘီလျံသုံးစွဲဖို့မျှော်မှန်းထားတယ်လို့လည်း UNOCHA က ပြောပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လာ သန်း ၃၀၀ ကျော်ပဲရထားသေးတယ်လို့ ဆိုပါတယ်။
ရရှိတဲ့အလှူငွေတွေကို အစားအစာဖူလုံဖို့၊ ပညာရေး၊ ကျန်းမာရေး နဲ့ အမိုးအကာရရှိရေးတွေမှာအသုံးပြုသွားမယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။
မြန်မာ့ပဋိပက္ခအတွင်း နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင် ၃ ဒသမ ၅ သန်း ရှိပြီး စားနပ်ရိက္ခာလိုအပ်နေ သူ ၁၅ သန်းကျော်ရှိတယ်လို့လည်း UNOCHA က ပြောပါတယ်။
ဒါအပြင် အမိုးအကာမရှိတာနဲ့ သောက်သုံးရေမရရှိတဲ့လူပေါင်း သန်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာအကူအညီလိုအပ်သူ နှစ်စဥ်တိုးနေပြီး ၂၀၂၁ ခုနှစ်က ၂.၁ သန်းရှိခဲ့တာကနေ ၂၀၂၅ အရောက်မှာ သန်း ၂၀ နီးပါးအထိရောက်လာမယ်ဆိုပြီး UNOCHA က ခန့်မှန်းထားပါတယ်။
#centralnewsnaypyitaw
