18 w - Translate

~~~ အမှတ်တရ ~~~{ ၆ }
ဂျူး
ကျွန်မကို ထားရစ်ခဲ့လိမ့်မည်ဟု မတွေးရက်ရက် တွေးမိတိုင်း မောင့် ကြင်နာယုယမှုများကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရ၏။ ကျွန်မအား တကယ်ကို ညှာတာစွာ ဆက်ဆံခဲ့သည့် မောင်။ ကျွန်မအား ယခုအထိ အပျိုငယ်လေး တစ်ယောက်အဖြစ် တတ်နိုင်သမျှတော့ ထိန်းသိမ်းခဲ့သော မောင်သည် ကျွန်မ အပြင် အခြား မိန်းကလေးတစ်ယောက်ကို ဘယ်တော့မျှ လက်တွဲသွားလိမ့်မည် မဟုတ်။ စိတ်အားငယ်မှုနှင့် မိမိဘာသာ စိတ်ဖြေသိမ့်မှုတို့ကို တစ်လှည့်စီ ခံစားရင်း တစ်ရေးနိုးခဲ့ရသော ညပေါင်းများစွာသည် မကုန်ဆုံးနိုင်အောင် ရှည်လျားလှ၏။
မောင့်ဘေးမှာ ထိုင်၍ မောင့်အသက်ရှူသံကို နားထောင်ရင်း ဖွာဆန်ကြဲ၍ နဖူးပေါ် ဝဲကျနေသော ဆံပင်တို့ကို မချင့်မရဲ လက်ဖြင့် ထိတို့ ဖယ်ရှားပေးရင်း လုံးချွန်သော နှာတံထိပ်ဖျားလေးကို ကျွန်မ နှုတ်ခမ်းနှင့် မထိတထိ ဆော့ကစားရင်း ပူပင် သောက များ တရိပ်ရိပ် တက်လာသော တချို့ညများတွင် ဖြုန်းခနဲ့ အိပ်ရာမှ ထကာ ဂစ်တာကို ဆွဲလျက် အိမ်ရှေ့ ၀ရန်တာလေးဆီသို့ သွားထိုင်ရင်း ဂစ်တာ တီးနေလိုက်မိ၏ ။ အနည်းငယ် ကျယ်လောင်၍ မောင်နိုးသွားမှာ စိုးမိလျှင်တော့ ခြံ၀င်းပြင်ထွက်၍ အိမ်ရှေ့က တံတားဖြူလေးပေါ်မှာပေါ့။
ပုလဲ၏ “ဘီလူးခေါင်းနဲ့မင်းသား” ကို တစ်ခါဆိုတီးမိသောညက ကျွန်မ မောင့်ကို တိတ်တိတ်လေး ပြန်၍ အားနာသွားခဲ့ဖူးသည်။
“မိန်းမသားလေးမို့ ကျိတ်ခံစားရပါတယ် xxxx ငိုချင်တာတောင် ဖုံးကာဝှက်ကာရယ် xx ညာနေတာကို သိရဲ့သားနဲ့ကွယ် xx မင်းသားလေးလို့ မှတ်ထင်ထားပါတယ်xx ငါလေ မြင်နိုင်ရင် နင့်ကို ပြချင်တယ် ။ ငါ့ရင်ထဲ ဘယ်လောက်တောင်များ ကြိတ်ခံစားတာ x နင်လေ ရက်စက်တာများပြီ x ငါလေ ဖြစ်နိုင်ရင် အဝေးကို ပြေးချင်တယ် x ခက်တာက ငါ့စိတ်ကလေး မပြတ်နိုင်သေးတာ x ငါတော့ ချစ်မိတာ မှားပြီ ။ မင်းသားလေးလို့ မှတ်ထင်ထားသူရေ xx လိမ်တယ် ညာတယ် အချစ်ကို ကစားတယ် xxx”
မဟုတ်ပါ။ မောင့်ကို ဘယ်လိုမှ မထင်ရက်ပါ။ မောင်သည် ကျွန်မအတွက်တော့ တကယ့် မင်းသားလေးပါ။ နောက်ဆုံးကျမှ ဘီလူးဆိုင်း ထွက်လျှင်တော့ မသိဘူးပေါ့လေ။ သည်အချိန်ထိတော့ မောင်သည် ကျွန်မ တစ်ဦးတည်းသာ ရှိသကဲ့သို့ ကြင်နာယုယဆဲ ဖြစ်သည်။
ကိုနေ၀င်း၏ လွမ်းရေးခက်ခက်ကိုတော့ ကော့ဒ်များကို အလွတ်မရဘဲ (အဲဒီတုန်းက) စာအုပ်နှင့် တိုက်၍ တီးရဆဲ ဖြစ်သည်။ တစ်ခါတစ်ရံ တံတားဖြူလေး ပေါ်၌ ဤ သီချင်းလေးကို တီးလျှင် ကမောက်ကမတွေ ဖြစ်ပြီး အစအဆုံး တစ်ခါတည်း တီးမရတတ်ဘဲ ကျွန်မသာလျှင် မျက်ရည်ကျရစမြဲတည်း။
“မင်းဘ၀ အလိုပြည့်မှ တို့ပျော်မယ် … မတားရက်ပါ မငဲ့နဲ့ နေပါစေ …. အရှုံးနဲ့ ကံအားကိုး မရတဲ့အခါ … ကိုယ်ဟာ မင်းကို အရာရာ ပုံခဲ့တယ် … အလှမ်းဝေးလို့ ပြေးထွက်သွားသူရယ်”
တကယ်တော့ ပြတ်ပြတ်သားသား အရေးမဆိုဝံ့ခြင်းမှာ ကျွန်မ သတ္တိကြောင်လွန်းလို့ပဲလား ။ မောင့်ကို ငဲ့ညှာလွန်း၍ပဲလား။ သို့မဟုတ် မောင်ဟာ ငါ့လို မိန်းမမျိုးကို ဘယ်တော့မှ ပစ်သွားမှာ မဟုတ်ပါဘူးလေ ဟူသော ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်းကြောင့်ပဲလား မသိနိုင်ပါ။ နောက်ဆုံး အချိန်တွင် မောင် ဘာမှ မရိပ်မိဘဲ မောင့်ဘေးမှာ လိုက်ပါစမြဲ ဖြစ်ခဲ့၏။
“မောင်လဲ ပညာတတ်ယောက်ျာ်းတစ်ယောက်ဘဲ မောင့်လဲ သိပ်ချစ်တတ်တဲ့လူငယ်တစ်ယောက်ပဲ ၊ မောင့် နှစ်လုံးသားနှင့် မောင့်ဦးနှောက်ကို (မည်သူ၏ အကျပ်ကိုင်မှု ၊ မျက်ရည်ခံထိုးမှုကြောင့်မှ မဟုတ်ဘဲ)”
လွတ်လပ်စွာ မောင်ဆုံးဖြတ်ပါစေ…မှားယွင်းသော လိုက်လျောမှုတစ်ခုဖြင့် လောင်းကြေးများလွန်းသော ကစားပွဲတစ်ခုပမာ အရှုံးကို စောင့်မျှော်သော ကျွန်မ၏ ဘ၀မှာ မည်မျှအံ့ဖွယ်ကောင်းလိုက်ပါသနည်း။
~~~~~~~
အခန်း ၇ ဆက်ရန်>>>>

image