နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆိုက်ဘာရန်ပုံငွေအဖွဲ့က ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ရှာဖွေနိုင်ခဲ့

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇

ယူကရိန်းနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဆိုက်ဘာစွမ်းရည်မြှင့်တင်ဖို့အတွက် အခုနှစ်အတွင်း ဥရောပငွေ သန်း ၅၀၀ (ဒေါ်လာ ၅၂၅.၄ သန်း) ရှာဖွေနိုင်ခဲ့ကြောင်း အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နိုင်ငံတို့က ပြောကြားလိုက်ပါ တယ်။

အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နိုင်ငံတို့က ဦးဆောင်တဲ့ အိုင်တီနည်းပညာမဟာမိတ်လမ်းညွှန်အဖွဲ့ (The Information Technology (IT) Coalition Steering Group) ဟာ ရုရှားကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ ဆိုက်ဘာကဏ္ဍမှာ ထောက်ပံ့ဖို့ အဓိကအာရုံစိုက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက ၂၀၂၄ ခုနှစ်အတွင်း ဥရောပငွေ သန်း ၄၁၀ (ဒေါ်လာ ၄၃၀.၅ သန်း) ထည့်ဝင်ခဲ့သလို ယူကရိန်း နိုင်ငံကို ဥရောပငွေ ၁၀၂.၇ သန်း (ဒေါ်လာ ၁၀၇.၈ သန်း) ပေးပို့ခဲ့ကြောင်း အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နှစ်နိုင်ငံက ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အက်စ်တိုးနီးယားနိုင်ငံကိုယ်တိုင်က associated mobilization systems အတွက် ဥရောပငွေ ၂.၅ သန်း (ဒေါ်လာ ၂.၆ သန်း) လှူဒါန်းခဲ့သလို နောက်ထပ် ဥရောပငွေ ၇၂ သန်း (ဒေါ်လာ ၇၅.၆ သန်း) ကိုလည်း ရှာဖွေနိုင်ခဲ့ပြီး ပူးတွဲပစ္စည်းများဝယ်ယူရေးစီမံကိန်းတွေအတွက် အသုံးပြုခဲ့ပါတယ်။

အခုနှစ်အတွင်း အိုင်တီနည်းပညာမဟာမိတ်လမ်းညွှန်အဖွဲ့က ဦးစားပေးဆောင်ရွက်ခဲ့တဲ့လုပ်ငန်းနယ်ပယ်ထဲမှာ ယူကရိန်းနိုင်ငံထဲမှာ နည်းဗျူဟာဆက်သွယ်ရေး၊ ဒေတာစင်တာတိုးချဲ့ရေးနဲ့ ဒစ်ဂျစ်တယ်လ်လုံခြုံရေး ကိုင်တွယ် ဆောင်ရွက်ရေးတို့ပါဝင်ပါတယ်။

လာမယ့်နှစ်မှာ ယူကရိန်းနိုင်ငံအတွက် ဥရောပငွေ ၅ သန်း (ဒေါ်လာ ၅.၂ သန်း) ထည့်ဝင်ပြီး ဆိုက်ဘာ စွမ်းရည်မြှင့် တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း အက်စ်တိုးနီးယားအစိုးရက ထပ်မံပြောကြားပါတယ်။

“နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုဟာ ကျွန်တော်တို့ အတူတကွ ကြိုးပမ်းမြှင့်တင်ဆောင်ရွက်နေတဲ့ ကဏ္ဍတစ်ခုလုံးနဲ့ ပတ်သက်ရင် ခေတ်သစ်တိုက်ခိုက်ရေးစွမ်းရည်ရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။” လို့ အက်စ်တိုးနီးယား ကာကွယ်ရေးမူဝါဒလက်ထောက်အတွင်းဝန် တူလီဒန်းတန်က ပြောပါတယ်။

“မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်မှုဟာ ဆိုက်ဘာကဏ္ဍအရေးကြီးမှုကို ဦးစားပေးတင်ပြခဲ့တဲ့ အက်စ်တိုးနီး ယားနိုင်ငံနဲ့ ရော ယူကရိန်းတပ်မတော်နဲ့ပါ ကာလရှည်၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်မှုပေါ် အခြေခံပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ဂျာမနီနိုင်ငံ ရမ်းစတိုင်းမြို့မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ထူထောင်ခဲ့တဲ့ အိုင်တီနည်းပညာ မဟာမိတ်လမ်းညွှန်အဖွဲ့မှာ လက်ရှိအချိန်မှာ အဖွဲ့ဝင် ၁၇ နိုင်ငံရှိပြီး မကြာခင် ကနေဒါနိုင်ငံက အဖွဲ့ဝင်အဖြစ်ဝင်ရောက်လာဖို့ ခန့်မှန်းထားပါတယ်။

ဒီအဖွဲ့ဟာ ယူကရိန်းကို ဆက်တိုက်ထောက်ပံ့နေတဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး စာချုပ်အဖွဲ့ (UDCG) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်တီမဟာမိတ်အဖွဲ့ဟာ ၂၀၂၄ ခုနှစ် မေလမှာ ၎င်းတို့အဖွဲ့ရဲ့ ပထမဦးဆုံးအကူအညီအဖြစ် ဒေါ်လာ ၉၄၄.၉ သန်း ကို ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ခဲ့ပါတယ်။

Ref: Multinational Military Cyber Fund for Ukraine Raised $500M in 2024: Report

#centralnewsnaypyitaw

image