18 w - Translate

~~~ အမှတ်တရ ~~~{ ၆ }
ဂျူး
မောင် စာမေးပွဲကျသည်ကို အားလုံးနီးပါး အံ့သြကြလေသည်။ ကျွန်မသည် မောင်နှင့် မန္တလေးတစ် မြို့ တည်း ၊ တစ်ဆေးရုံတည်း ၊ ၄ ၊ ၅ ၊ ၆ လ အတူ ဆက်လက်နေရမည် ဖြစ်ပါလျက် ၀မ်းမသာနိုင်ပါ။ မောင့်ကို သနားသောကြောင့် ဖြစ်ပါသည်။
ရီဇတ် အောက်သောအခါ မောင့်မျက်နှာမှာ ငိုမလို ရယ်မလို ဖြစ်နေသည်။ မောင်အလွန်ကြောက်ခဲ့သောဆေးပညာအောင်၍ အလွန်လွယ်ကူသော ကလေးဆေးပညာ ကျသည်ဆိုတော့ မောင် အူကြောင်ကြောင် ဖြစ်သွား၏။
“တစ်သက်နဲ့ တစ်ကိုယ် စာမေးပွဲမကျဖူးတော့ ဘယ်လိုနေရမှန်း မသိအောင် စိတ်ဓာတ်ကျသွားတာပဲ”
သိပ်မညည်းညူတတ်သော မောင်က ကျွန်မကို ရင်ဖွင့်ခဲ့သည်။
ထိုအခါ ပထမနှစ်တုန်းက ခြေလွတ်လက်လွတ် တစ်ခါ ကျဖူးခဲ့သော ကျွန်မက မောင့်ကို နှစ်သိမ့်ခဲ့ရလေသည်။ ပထမ ၃-၄ ရက် မောင် ဆောက်တည်ရာမရအောင် ဖြစ်ခဲ့၏ ။
မောင့်ကို ကျွန်မ ဂစ်တာတီး၍ ချော့သိပ်သည်။ မောင်နှင့်အတူဖဲချပ်များကို ပေးရှင့်ကစားနည်းဖြင့် ကစားသည်။ မောင် အရက်သောက်ဖို့ ကြက်အခြောက်ကြော် ကြော်ပေးသည်။ ကြက်သားသုပ် လုပ်ပေးသည်။
အိုးလ်ဘရမ်ဒီ ပုလင်းပြားလေးကိုမောင်နှင့်အတူ လိုက်၀ယ်ကြသည်။ ရုပ်ရှင်ပွဲ ဆက်ကြည့်ကြသည်။ နောက်တော့ မောင်လည်း သူ့မြို့သို့ ပြန်၍ ကျွန်မလည်း ကျွန်မ မြို့သို့ ပြန်သွားကြ၏။
ကျွန်မက ကျောင်းဖွင့်အမီ ပြန်လာသော်လည်း မောင်က တော်တော်နှင့် ပြန်မလာပါ။ မောင်တို့ ကလေးဆေးရုံ အဖွဲ့သားများတွင် မောင်တစ်ယောက်သာ လိုတော့၍ ဌာနမှူး ဒေါ်သိန်းကြည်က မေးလှပြီ။ မောင်က အကျိုးအကြောင်းလေးမျှပင် စာမရေးချေ။
ကျွန်မ အနည်းငယ်တော့ ရိပ်မိပါသည်။ မောင်သည် ငယ်ချစ်ဦးနှင့် ခွဲခွာဖို့ ခက်နေလိမ့်မည်ဆိုတာ ။
သို့သော် မတတ်နိုင်ပါ။ ကျွန်မ မောင့်ထံ ကြေးနန်းရိုက်၍ ခေါ်လိုက်ရပါသည်။ ကျွန်မ မောင့်အပေါ်ထားသည့် စေတနာကို မောင် နားလည်နိုင်မှာပါ။ ကျွန်မ၏ ကြေးနန်းစာသည် မောင်နှင့် မောင့်မိန်းကလေး အတူရှိနေစဉ် ရောက်သွားခဲ့ပါလျှင် ၊ ထိုမိန်းကလေးကလည်း ဘာမျှ သိမထားသူ ဆိုလျှင် ကျွန်မ ကြောင့် မောင်တို့ နှစ်ယောက် စိတ်မဆင်းရဲစေလိုပါ။ ထို့ကြောင့် မောင့်နာမည်ကို ရှေ့က ကို … တပ်၍သာ ရေးလိုက်ပါသည်။ စာသင်တာ နှစ်ပတ်ရှိပြီ။ အမြန်ပြန်လာပါ ဟူ၍ ရေးပြီး ကြေးနန်းရိုက်သူနေရာ၌ ကျွန်မ နာမည်ပင် မရေးဘဲ မောင့်သူငယ်ချင်း ယောကျာ်း လေးတစ်ယောက် နာမည်ကို အလွဲသုံးစား လုပ်လိုက်ရလေသည်။
ကျွန်မနှင့် ပတ်သက်၍ မောင် စိတ်မဆင်းရဲရအောင် ၊ ဂုဏ်သိက္ခာ မညိုးနွမ်းရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ပါသည် မောင် ။ မောင် ပြန်ရောက်သောအခါ မောင့်မျက်နှာကို အမြဲ အရိပ်ကြည့်နေသော မိန်းမပီပီ မောင်၏ သံယောဇဉ်များ ထိုမိန်းကလေးထံတွင် တော်တော်များများ ရစ်တွယ် ကျန်ခဲ့ကြောင်း ၀မ်းနည်း ထိတ်လန့်စွာ ရိပ်မိလိုက်တော့သည်။ ဒုတိယနှစ် စာသင်နှစ် ကုန်ဆုံးချိန်မှစ၍ နောက်ဆုံးနှစ် အပိုင်း (ခ) အထိ လက်တွဲ မဖျက်ဘဲ တစ်ယောက်ကို တစ်ယောက် ဖေးမစောင့်ခေါ်ရင်း မြတ်နိုးဖော် ၊ ကြင်နာဖက် ၊ အားပေးဖော် နှစ်သိမ့်ဖက် ၊ ၀မ်းနည်းဖော် ၀မ်းနည်းဖက် ၊ ဆင်းရဲဖော် ဆင်းရဲဖက်ဖြစ်ခဲ့သော ဇနီးမောင်နှံ နီးပါး ရင်းနှီးတွယ်တာခဲ့သည့်ချစ်သူ တစ်ယောက်ကို ရက်ရက်စက်စက် ထားပစ်ခဲ့ရအောင်အထိ မောင့်အပေါ် ဆွဲဆောင်နိုင်မည် ဆိုလျှင်လည်း ထိုမိန်းကလေးသည် အလွန်တရာမှ လှပပေလိမ့်မည်။
အနည်းငယ် အပြစ်လုပ်လိုက်မိလျှင်ပင် ဒေါသတကြီး အော်ငေါက်ပစ်သည် အထိ မောင် ကျွန်မ အပေါ် စိတ်တိုခဲ့သောအခါ ကျွန်မ တစ်ယောက်တည်းသာ တိုးတိတ်စွာ မျက်ရည် ကျခဲ့ရ၏ ။ ကျွန်မ အလုံးစုံ ရိပ်မိနေမှန်း မောင် အနည်းငယ်မျှ မသိစေရပါ။
တစ်ခါတစ်လေ ကျွန်မ နှင့်မောင် တစ်ခုတင်တည်း အိပ်ပြီး မောင့်ထံမှ ပင့်သက် ရှိုက်သံ များစွာ ကြားခဲ့ရတတ်သည်။ မောင့်ကို နမ်းရှိုက်၍ ချော့မြူရန် ကြိုးစားတိုင်း မောင်က အနည်းငယ် တုန်ယင်စွာ တအားတင်းကျပ်နေအောင် ဖက်လေသည်။
“နေ့လယ်က မောင့်စိတ်တွေ ဘာဖြစ်နေမှန်း မသိဘူး ။ ချစ်ကို စိတ်ဆိုးလို့ မဟုတ်ပါဘူး ။ မောင့်ကို ခွင့်လွှတ်နော်” ကျွန်မ မျက်နှာကို နေရာမလပ်အောင် စိတ်ရှည်လက်ရှည် နမ်းရှိုက်လာသော မောင်သည် ကျွန်မအား ကျွန်မဟူ၍ မြင်ယောင်ပါရဲ့လား။
“မောင့်ကို ခွင့်လွှတ်ရအောင် မောင့်မှာ ဘာအပြစ်မှ မရှိပါဘူးကွယ်”
ကျွန်မ စိတ်ဆင်းရဲစွာ မောင့်ရင်ခွင်မှာ တိုး၀င်နေတတ်ခဲ့သည် ။ ဘယ်အချိန်များ မောင်နှင့်ခွဲရပါ့မလဲ။ စိတ်အားငယ်တတ် ၊ ပူပန် တတ်လွန်း၍ မကြာခဏ မျက်ရည်ကျသည်ကို မောင့်ကို မျက်ရည်ခံထိုးသည် ဟု မောင် ထင်မှတ်မှားမည် စိုးရိမ်သောကြောင့် မောင့်ကွယ်ရာမှာသာ ငိုခဲ့ရ၏ ။ တစ်ခါတစ်ရံ ည တစ်ရေးနိုးတွင် မောင့်မျက်နှာကို ကြည့်မ၀နိုင်ဘဲ ငေးမောနေမိတတ်ပြန်သည်။

#ဆက်ရန်ရှိ

image