လာမည့် (၃၆)နာရီအတွင်း အင်အားအသင့်ရှိ မြေငလျင်ငယ် ထပ်မံ လှုပ်ခတ်နိုင်ဟု မြေငလျင်စင်တာ သတိပေး
မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာက အသိပေးထားသည်။
ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်က အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့အနီး ၂ ဒဿမ ၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်သွားပြီး၊ ဒီဇင်ဘာ (၁၄)ရက်တွင်လည်း ဖားကန့်မြို့ ကာမိုင်းအရှေ့ဘက် (၆)မိုင်ကျော် လဝါးကျေးရွာအနီး ၃ ဒဿမ ၆အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့သေးကြောင်း အသိပေးထားသည်။
ယခုလ ဒီဇင်ဘာ(၁၁)ရက်မှ ဒီဇင်ဘာ (၁၅)ရက်အထိ(၅)ရက်တာ ကာလအတွင်း ပြည်တွင်းမြေငလျှင်လှုပ်ခတ်မှု (၇) ကြိမ်ရှိခဲ့ပြီဖြစ်သည်။
၎င်းတို့မှာ စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးတွင် ၄ ဒဿမ၇ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် မိုင်းဆတ်မြို့အနီး ၃ ဒဿမ ၃ အဆင့် မြေငလျင်၊ ဟားခါးမြို့အနီး ၃ ဒဿမ ၈ အဆင့်မြေငလျင်၊ လင်းခေးမြို့တွင် ၂ ဒဿမ ၈ အဆင့်မြေငလျင်၊ ရန်ကုန်တိုင်း ဖောင်ကြီးမြို့အနီး ၂ဒဿမ ၇ အဆင့်ရှိမြေငလျင်၊ ဖားကန့်မြို့အနီး ၃ ဒဿမ ၆ အဆင့်ရှိ မြေငလျင် တို့ ခပ်စိတ်စိတ်လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။
