တာချီလိတ်မြို့မှာ လမ်းဘေးစျေးသည်တွေကို အဆင့်မြင့် ညစျေးဖွင့်ပြီး ရောင်းချခွင့်ပေးမယ်

ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းရှိ လမ်းဘေးဝဲယာ တလျှောက် ပျံကျ ရောင်းချနေတဲ့ လမ်းဘေးစျေးသည်တွေကို လမ်းမတွေပေါ်မှာ ရောင်းချခွင့်ပြုတော့မှာမဟုတ်ဘဲ အဆင့်မြင့် Night Market စီစဉ်ဖွင့်လှစ်ကာ ရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ မြို့မိမြို့ဖတွေထံကနေ သိရပါတယ်။

လမ်းဘေးစျေးသည်တွေ မြို့သန့်ရှင်းလှပရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်စေဖို့ ရည်ရွယ်ကာ လာမယ့် ၂၀၂၅ခုနှစ်၊ နှစ်စပိုင်းမှာ ညစျေးနေရာ သတ်မှတ်ပေးပြီး ရောင်းချစေမှာဖြစ်တာကြောင့် နှစ်မကုန်ခင် အခုရက်ပိုင်းအတွင်း လိုက်လံ သတိပေးနှိုးဆော်မှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ၁၁ရက်နေ့ကပဲ အစည်းအဝေးခေါ်ပြီးတော့ ညဈေးနေရာသတ်မှတ်ရောင်းချစေတော့မယ်လို့ ပြောလာတာ။ နေရာကတော့ ညှိနေတုန်းပဲ။ ဘယ်သူမဆို လာရောက်သီချင်းဆိုလို့ရနိုင်တဲ့ စတိတ်စင် တွေလည်း ပါဝင်မယ်၊ ထိုင်းနိုင်ငံက Night Market ပုံစံလို ဖွင့်လှစ်သွားမှာပါ”လို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

အဲဒီNight market မှာ ၈ ပေ၊ ၁၀ ပေလောက်ရှိတဲ့ ဆိုင်ခန်းပေါင်း အခန်း ၁၆၀ လောက် ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး အဲဒီဆိုင်ခန်းမှာ ရောင်းချမယ့်ဈေးသည်တွေကိုလည်း အစည်းအဝေးခေါ်ယူကာ စနစ်တကျဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို Night market ဖွင့်ပြီးရင်တော့ တစ်နေရာတည်းမှာပဲ စုံစုံလင်လင် ဝယ်ယူစားသောက်လို့ ရနိုင်မှာဖြစ်ပြီး ရောင်းချမယ့်ဈေးသည်တွေကိုလည်း သတ်မှတ်ထားတဲ့နေရာမှာပဲ စနစ်တကျရောင်းချနိုင်အောင် ဆောင်ရွက် ပေးထားမှာဖြစ်တာကြောင့် သွားရေးလာရေးအတွက်လည်း အဆင်ပြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Local

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image