ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်။
ကမ္ဘာတဝှမ်းမှာ အလှပဆုံးသောနေရာတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အရောင်အသွေးဟာ အရေးပါဆုံး အခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနေတာကို တွေ့ရမှာပါ။
ဒေသတစ်ခုလုံး၊ မြို့တစ်မြို့လုံး၊ ကျွန်းတစ်ကျွန်းလုံးမှာ အရောင်တစ်ရောင်ပဲရှိတယ်ဆိုရင် စာဖတ်သူတို့ ယုံနိုင်ပါ့မလား။
အခုပြောပြပေးသွားမှာကတော့ ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်တစ်ရောင်ပဲရှိတဲ့ နေရာလေးအကြောင်းပါ။
"ခရမ်းရောင်ကျွန်းများ" လို့ လူသိများကြတဲ့ Banwol ကျွန်းနဲ့ Bakji ကျွန်းတို့ဟာ တောင်ကိုရီးယားရဲ့ အနောက် တောင်ဘက်၊ Shinan စီရင်စုက ကမ်းခြေမှာ တည်ရှိနေပါတယ်။
မူလက ဤကျွန်းရဲ့ အဓိက ၀င်ငွေရင်းမြစ်တွေကို သူတို့ရဲ့ လယ်ယာလုပ်ငန်းအသိုင်းအဝိုင်းမှသာ ရရှိခဲ့သော်လည်း ဒေသခံတွေဟာ
သူတို့ရဲ့ကျွန်းတစ်ကျွန်းလုံးက နေရာလွတ်မကျန် ခရမ်းရောင် အနုအရင့် အမျိုးမျိုးကို ဆေးခြယ်ခဲ့ခြင်းအားဖြင့်
ကမ္ဘာ့အကျော်ကြားဆုံး နေရာတွေထဲက တစ်ခု ပြောင်းလဲနိုင်ခဲ့ပါတော့တယ်။
ဒီဒေသရဲ့ ကျော်ကြားမှုတွေက ခရမ်းရောင်ဆိုတဲ့ စကားလုံးနဲ့တင်ကို ပြီးပြည့်စုံခဲ့ပြီး ကမ္ဘာတဝှမ်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်စေခဲ့သလို
ကိုရီးယားရဲ့ အဓိက ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်လည်း သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဤဆုံးဖြတ်ချက်ဟာလည်း မြို့များနဲ့ ဒေသခံများရဲ့ဘဝကို ပြန်လည်ဆန်းသစ်စေခဲ့ပြီး
ကျွန်းတစ်ကျွန်းလုံးရဲ့ ထောင့်တိုင်းမှာ ပြီးပြည့်စုံတဲ့ ဓာတ်ပုံရိုက်ချက် အကွက်များကို ဖန်တီးပေးခဲ့ပါတယ်။
သမိုင်းကြောင်းအစကို ကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုး ကျွန်းတစ်ခုလုံးကို ခရမ်းရောင်အဖြစ် စတိုးဆိုင်များမှ တံတားများအထိ ပြောင်းလဲရန်အတွက် Shinan စီရင်စုဟာ
ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဝမ် ၄.၈ ဘီလီယံ (ဒေါ်လာ ၄.၂၅ သန်း) ကျော် ရင်းနှီးမြှုပ်နှံထားခဲ့ရပါတယ်။
စီရင်စုရဲ့ အဆိုအရ ၂၀၁၉ ခုနှစ်မှာ တရားဝင်စတင်ခဲ့တဲ့ ဒီစီမံကိန်းဟာ လူပေါင်း ၄၈၇,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကျွန်းများရှိ စားသောက်ဆိုင်များဟာ ခရမ်းရောင်ဆန်ဆန်ကို ပေးစွမ်းနေကြပြီး
ခရမ်းရောင် ပန်းကန်ပြားများပေါ်မှာ အစားအသောက်တွေကို တည်ခင်း ကျွေးမွေးကြပါတယ်။
ကျွန်းများသို့ဝင်ရောက်ရန် ဝင်ခွင့်ကြေးမှာ အရွယ်ရောက်ပြီးသူများအတွက် ဝမ် ၃,၀၀၀ (ဒေါ်လာ ၂.၇၀)၊ ဆယ်ကျော်သက်များအတွက် ဝမ် ၂,၀၀၀ (ဒေါ်လာ ၁.၈၀) နဲ့ ကလေးများအတွက် ဝမ် ၁,၀၀၀ (ဒေါ်လာ ၁.၀၀) ဖြစ်ပါတယ်။
ဒါပေမဲ့ သင်ဟာ ခရမ်းရောင်နဲ့ ခရမ်းရောင် တွဲဖက်ပစ္စည်းများကို ၀တ်ဆင်လာပါက ဝင်ကြေးကို အခမဲ့ ဖန်တီးပေးထားပါတယ်။ တကယ့်ကို အမိုက်စားပါပဲ။
ကျွန်းများရဲ့ အဓိက ဆွဲဆောင်မှုဟာလည်းပဲ ခရမ်းရောင်နေရာများကို ကြည့်ရှုစေနိုင်ခြင်းပါ။
ဒီလို ကြည့်ရှုဖို့အတွက်လည်း စုစုပေါင်း ၆.၂ ကီလိုမီတာ ဝန်းကျင်ရှိတဲ့ ဧရိယာတစ်ဝိုက်မှာ ရိုးရှင်းစွာ လမ်းလျှောက်ခြင်းဖြင့် ဒေသတစ်ခုလုံးကို ကြည့်ရှုနိုင်ပါတယ်။
အဓိကနေရာများထဲမှတစ်ခုမှာ Banwol ကျွန်းနဲ့ Bakji ကျွန်းတို့ကို ဆက်သွယ်ထားတဲ့ အထင်ကရ Cheonsa တံတားဖြစ်ပါတယ်။
ဖြတ်သွားစဉ် လေနုအေးနဲ့ ရေစီးသံများကို ခံစားကြည့်ပါက တကယ့်ကို အံ့ဩစရာ အတွေ့အကြုံတစ်ခုပါ။
သဘာဝတရားနဲ့ ချိတ်ဆက်ရတာကို နှစ်သက်သူတွေအတွက်တော့ မြို့တွေရဲ့ အကောင်းဆုံး ရှုခင်းတွေနဲ့ ခရမ်းရောင် ရှုခင်းတွေကို ရနိုင်တဲ့ Eoggae တောင်ပေါ် ခရီးထွက်လိုက်ပါ။
ဒါဟာလည်း ရင်သပ်ရှုမောဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်ပြီး ဘယ်လိုမျိုး ဓာတ်ပုံတွေအတွက်မဆို ပြီးပြည့်စုံတဲ့ နောက်ခံမြင်ကွင်းတစ်ခုဖြစ်နေမှာပါ။
ဒီဒေသကို လာရောက်ခဲ့ကြသူ တော်တော်များများက သူတို့ရဲ့ ခရီးစဉ်ကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဒဏ္ဍာရီဆန်ဆန်အဖြစ် ဖော်ပြကြပါတယ်။
#ကျွန်း
#ခရမ်းရောင်
