အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်း ဆက်ရှိမယ်လို့ တူချယ်လ်ပြော
ဒီဇင်ဘာ ၁၅
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်က တိုက်စစ်မှူး ဟာရီကိန်းဟာ အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “လက်ရှိအချိန်မှာ အပြောင်းအလဲအတွက် စဉ်းစားဖို့ မလိုအပ်ပါဘူး။ ဟာရီက အင်္ဂလန်အတွက် အမြဲတမ်း ထိပ်တန်း ခေါင်းဆောင်တစ်ဦးပါ။ ဒါကြောင့် အခုအချိန်မှာ ဒီအကြောင်းကို ဘာလို့ စဉ်းစားနေမှာလဲ။ ဟာရီ အပါအဝင် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အသွေးတွေရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ အလုပ်လုပ် ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)မဲခွဲမှုကို တက်ရောက်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင်ရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
၂၀၁၈ ခုနှစ်ကတည်းက အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဟာရီကိန်းဟာ နည်းပြတူချယ်လ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ အတူတွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အဓိကပြိုင်ပွဲကြီး ၄ ခုမှာ ဦးဆောင်ထားခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ရဲ့ အုပ်စု K မှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား၊ အန်ဒိုရာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဒီအုပ်စုမှာ ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းဟာ ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အင်္ဂလန်အသင်းကို နည်းပြသစ်အဖြစ် တရားဝင် စတင်ကိုင်တွယ်မယ့် တူချယ်လ် ဟာ မတ်မှာကစားမယ့် အယ်လ်ဘေးနီးယား၊ လတ်ဗီးယားအသင်းတို့နဲ့ ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းကို ပထမဆုံး ပွဲစဉ်တွေအဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။
Source: Goal
ပုံ - ဟာရီကိန်းနဲ့တူချယ်လ်ကို တွေ့ရစဉ်
#centralnewsnaypyitaw
