ဒါပေမယ့်လည်းခုခေတ်လိုအခြေအနေမျိုးမှာ ကိုယ့်သားသမီးကို အနားမှာပဲ နေခိုင်းဘို့က မဖြစ်နိုင်တော့လည်း.....
ငါသားက စင်္ကာပူမှာ စက်ရုံမန်နေဂျာ တစ်လ ဒေါ်လာ 6000ကျော်ရတယ်ကွ။
ငါသမီးက ဩဇီမှာ ခွဲစိတ် ဆရာဝန်မဖြစ်နေပြီ။ တစ်လ ဒေါ်လာ 20000က အသာလေး
ငါ့သားကြီးက အမေရိကန်မှာ နည်းပညာကုမ္ပဏီက ဒါရိုက်တာ ဖြစ်နေပြီ။တစ်လကို ဒေါ်လာ 1သိန်းအထက်ပဲ။
အသက် 70ကျော်အဘွားကြီးတွေ အတူတွေ့ဆုံစားရင်း ကိုယ်သားသမီးတွေ တော်ကြောင်း ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်နေကြတာ။
ဒါနဲ့ ဒေါ်ရင် နင်သားက အခု ဘာအလုပ်လုပ်နေလဲဆိုပြီး ဝိုင်းမေးကြတယ်၊
ငါသားလား။ ငါနဲ့ အတူနေတယ်လေ။ ငါစားချင်တာ ချက်ပေးတယ်။ လိုချင်တာ အတူလိုက်ဝယ်ပေးတယ်။ ဘယ်သွားချင် လာချင်ဆိုတာနဲ့ သူမိသားစုတွေနဲ့ ငါကို လာခေါ် ပို့ပေးတယ်။ဟောအခု ငါ့သားနဲ့ ငါမြေးချွေးမတွေ ပြန်ဖို့ လာခေါ်နေပြီ။ သွားလိုက်ဦးမယ်။
မိဘတွေဟာ အများအားဖြင့် ငါဘဝမှာ မဖြစ်ခဲ့တာတွေ ငါသားသမီး လက်ထက်မှာ အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်နိုင်မှုအတွက် ဂုဏ်ယူမဆုံး ဖြစ်ကြတယ်။ ဒါပေမဲ့ မေ့နေကြတာက မိမိနားမှာ သားသမီးအလိမ္မာတွေနဲ့ မကြောင့်မကြ မပူမပန် အတူပျော်ပျော်ရွှင်ရွှင်
နေခွင့်ရတဲ့ ချမ်းသာမှုပဲ။
ကျနော်ကို လမ်းမတော်လမ်းက လူက သူသား သူသမီးတွေ မြေးတွေ နိုင်ငံခြားမှာ ဘယ်လို အဆင်ပြေချမ်းသာနေလဲဆိုပြီး ပြောတယ်။
ကျနော်က ပြောလိုက်တယ်။ တကယ်ချမ်းသာတာ သူတို့လေ။ အကိုတို့ လင်မယားမှာ သားသမီးရှိတာတောင်
နေမကောင်းရင် ပြုစုမည့်သူမရှိ။ အိမ်မှာ စကားပြောဖော် အဖော်ပြုပေးမည့် သားသမီးမရှိ၊ ပိုက်ဆံက သူတို့မထောက်ပေးလည်း စားလောက်နေတဲ့ဘဝကို ဘာလို့
သူတို့နဲ့ အတူသွားမနေကြတာလဲလို့ ပြန်မေးလိုက်တယ်။
ဘဝမှာ မိဘနဲ့ သားသမီး၊ ချစ်သူ လင်မယားဆိုတာ ချစ်ရက်နဲ့ အတူမနေရ ဝေးကွာနေရတာဟာ ဆင်းရဲဒုက္ခတမျိုးပဲ။ သားသမီး ငွေရှာနိုင်တိုင်း မိဘက ကံကောင်းတာ မဟုတ်ဘူး။ အသက်အရွယ်ကြီးလို့ ပြုစုစောင့်ရှောက် အဖော်ပြုပေး ကလေးတယောက်လို ကိုယ်အပေါ် ချစ်ပေးတဲ့ သားသမီးတွေ အနားမှာ ရှိမှ အဲဒီလူက ကံကောင်းတာ။
ကျနော်ကို မုန်းချင်မုန်း၊ သားသမီးတွေ ဘယ်လို တော်ကြောင်း လာကြွားတဲ့ မိဘတွေကို အဲလိုပဲ ပြောပစ်တာ။ မိဘတွေက ရှိသမျှ မျှော်လင့်ချက်နဲ့ စည်းစိမ်တွေ အကုန်ခံပြီး ရေကြည်ရာ မြက်နုရာကို သားသမီးတက်လမ်းအတွက် ပို့လိုက်ပြီး အသက်အရွယ်ကြီးပြီး ပြုစုမည့်သူ လိုတဲ့ မိဘတွေက သားသမီးရှိပြီး အတူမနေရ အပြုစုမခံရတာကို မိဘတွေအတွက် သားသမီး ကံကောင်းတယ်လို့ကို မမြင်တာ။ ဒီနိုင်ငံမှာ နိုင်ငံရေးမကောင်းလို့ စီးပွါးရေးမကောင်းလို့ မိသားစု မိဘ စားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်ထွက်လုပ်ရသူတွေအပေါ် အပြစ်ပြောတာမဟုတ်ပဲ မိဘက တတ်နိုင်သမျှ အကုန်ထုခွဲရောင်းချ ကျောင်းထား နိုင်ငံခြားပို့ပြီးချိန်မှ ဘာမှ မရှိတော့တဲ့ မိဘတွေ ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အထီးကျန်ဆန်ဆန် ကျန်ခဲ့တာတွေ မြင်ရတိုင်း စိတ်မကောင်းဘူး။
သူတို့မှာ စကားပြောဖော်၊ နေမကောင်းရင် ဆေးခန်းလိုက်ပြပေးဖော်တောင် မရတော့တဲ့ သားသမီးတွေ အကြောင်းတွေးပြီး ပျော်နေလေရဲ့။
credit
