Part-1
တသက်တာစာပေဆုရှင် သူငယ်ချင်း မောင်သာနိုး
ကျွန်တော့်အဖို့ သူငယ်ချင်း မောင်သာနိုးအကြောင်း ဆောင်းပါးတွေရေးရတာ ဘယ်နှခါရှိမှန်းတောင် မသိတော့ဘူး။ တစ်ကြိမ်က ရေးရင်းနဲ့ လက်လွန်သွားလိုက် တာ စာမျက်နှာလေးဆယ်နီးပါးရှိသွားလို့ မနည်းအရှိန်သတ်ပြီး ‘မဒမ်နိုး’ ဆီကိုပဲ ပို့လိုက်ရပါတယ်။
ဟိုအဝေးကြီးက အမေရိကမှာရောက်နေတဲ့ မောင်စွမ်းရည်ဟာ မောင်သာနိုးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးပါလို့ အများသိကြတဲ့အတွက် ဝမ်းသာရတယ်။ မန်းတက္ကသိုလ်သမဂ္ဂမှာ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်သူငယ်ချင်းဆိုလို့ လေးဦးပဲ ကျန်ရှိပါတော့တယ်။ မုံရွာတင်ရွှေ၊ တင်မိုး၊ မောင်ပေါက်စည်တို့ ဆုံးကုန်ကြပြီ။ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်တို့ ကျန်တယ်။ မောင် သိန်းနိုင်နဲ့ မောင်မိုးသူတို့ဆီ စာမူတောင်းကြပါဦးပေါ့။
‘ထူးခြားတာ’က မန်းတက္ကသိုလ်စာပေသမားတွေဟာ လူထုတိုက်ထွက်တွေ ချည်း ဖြစ်ကြပြီး သူတို့အားလုံးဟာ တက္ကသိုလ်သမဂ္ဂနဲ့ ကလောင်ရှင်အသင်း၊ တက္ကသိုလ်မဂ္ဂဇင်းကော်မတီတွေမှာ အမှုဆောင်တွေချည်းဆိုတာပါပဲ။ တစ်ခုတော့ ရှိရဲ့၊ မန္တလေးမှာက လူထုသတင်းစာ၊ လူထုဂျာနယ်ပဲ စာရေးစရာ စာနယ်ဇင်း ရယ်လို့ရှိတော့ အားလုံး လူထုတိုက်ထွက်တွေချည်းပဲဆိုတာ “မထူးခြားချက်’ တစ်ခု လည်း ဖြစ်နေပါတယ်။ စာပေသမားဟာ စာပိုဖတ်တယ်။ စာပိုသိတယ်။ ဒါ့ကြောင့် နိုင်ငံရေးလည်းပိုသိပြီး သမဂ္ဂများ ပါဝင်ဆောင်ရွက်ကြပါတယ်။ သမဂ္ဂဆိုတာကိုယ်ပါချင်တိုင်း ပါလို့လည်းမရပါဘူး။ အဖွဲ့အစည်းတစ်ခုကိုဝင်ပြီး ကျောင်းသား ထုရဲ့ အရွေးခံရမှ သမဂ္ဂမှာ ပါဝင်ဆောင်ရွက်ခွင့်ရတာပါ။
ကျောင်းသားသမဂ္ဂဆိုတာ တက္ကသိုလ်ဖွဲ့စည်းပုံ ဥပဒေအရ တက္ကသိုလ်နဲ့အတူ ပေါက်ဖွားလာခဲ့တာဖြစ်သလို တက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်မှောက်ကိစ္စ တွေဟာလည်း ဖွားဖက်တော်တွေပါပဲ။ ဒီအချက်ဟာလည်း ခုတော့ မျက်မှောက် ခေတ် မြန်မာနိုင်ငံသမိုင်းကဏ္ဍတွေမှာ ပါဝင်နေခဲ့ပါပြီ။ ပထမ ကောလိပ်သပိတ်တဲ့၊ ဒုတိယ တက္ကသိုလ်သပိတ်၊ တတိယ တက္ကသိုလ်သပိတ်၊ သပိတ်သုံးလုံးလည်းစုံရော လွတ်လပ်ရေးတိုက်ပွဲထဲကို တည့်တည့်ရောက်သွားပြီး လွတ်လပ်ရေးရသည်အထိ ရှေးရှုသွားခဲ့တော့တာပါ။ လွတ်လပ်ရေးသမိုင်းမှာ ကျောင်းသားကဏ္ဍက မသေးလှ ပါဘူး။
မန္တလေးကောလိပ်ဆိုတာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ လက်ခွဲပညာရေးဌာန တစ်ခုပါပဲ။ မန္တလေးတက္ကသိုလ်အက်ဥပဒေဆိုတာလည်း ရန်ကုန်တက္ကသိုလ် အက် ဥပဒေအတိုင်းပါပဲ။ ကျောင်းသားတိုင်းဟာ ကျောင်းသားသမဂ္ဂဝင်ပြီး သမဂ္ဂဝင်ကြေး ကို ကျောင်းဝင်ငွေနဲ့ အတူ တစ်ပါတည်းပေးဆောင်ရပါတယ်။ တက္ကသိုလ်ရုံးကပဲ ကောက်ခံထားပြီး ကျောင်းသားသမဂ္ဂအသုံးစရိတ်ကို တက္ကသိုလ်ကပဲ လိုလားသည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ထုတ်ပေးရပါတယ်။ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ ကိုလည်း တက္ကသိုလ်ပါမောက္ခကြီးတွေကပဲ သမဂ္ဂအမှုဆောင်ဟောင်းများနဲ့ ရွေး ကောက်ပွဲကော်မတီဖွဲ့ပြီး သမဂ္ဂအမှုဆောင်သစ်ကို ရွေးချယ်ပေးရပါတယ်။ ခုသမဂ္ဂ ရှိသေးရဲ့လား၊ အဲသလို ရွေးကောက်ပွဲလုပ်သေးသလား မသိပါ။ ကျွန်တော်တို့ ခေတ်တုန်းကတော့ သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲဟာ တစ်နှစ်တာ ကျောင်းသား လှုပ်ရှားမှုတွေမှာ အကြီးဆုံးလှုပ်ရှားမှုကြီးပါပဲ။
#ဆက်ရန်ရှိ