~~~ အမှတ်တရ ~~~{ ၆ }
ဂျူး
မြတ်နိုးဖော်
ကြင်နာဖက်
အားပေးဖော်
နှစ်သိမ့်ဖက်
၀မ်းနည်းဖော်
၀မ်းနည်းဖက်
ဆင်းရဲဖော်
ဆင်းရဲဖက်
ဖြစ်ခဲ့သော
ဇနီးမောင်နှံနီးပါး
ရင်းနှီးတွယ်တာခဲ့သည့်
ချစ်သူတစ်ယောက်ကို
ရက်ရက်စက်စက်
ထားပစ်ခဲ့ရအောင်အထိ
မောင့်အပေါ်
ဆွဲဆောင်နိုင်မည်
ဆိုလျှင်လည်း
ထိုမိန်းကလေးသည်
အလွန်တရာမှ
လှပပေလိမ့်မည်။
~~~~~~
အခန်း-၆
သတင်းစာတစ်စောင်ကို နှစ်ဦးအတူ ကြည့်ကြပြီဆိုလျှင်လည်း ကျွန်မနှင့်မောင် ဆန္ဒချင်းကွဲလွဲမြဲဖြစ်သည်။ ကျွန်မက တတိယစာမျက်နှာ မှ နိုင်ငံခြားသတင်းကို ပထမဦးစွာ လှန်ကြည့်တတ်ပြီး မောင်ကတော့ လက်ထပ်သတင်း။ နာရေးသတင်းများပါသည့် ကြော်ငြာကဏ္ဍကို အလျင်ကြည့်လေ့ရှိသည်။
မဂ္ဂဇင်းတစ်ခုကို ဖတ်ပြီဆိုလျှင်လည်း မောင်က ကာတွန်းကဏ္ဍကို အလျင်ကြည့်တတ်ပြီး ကျွန်မက ရုပ်ရှင်ကဏ္ဍကို အလျင်ဦးစွာ ကြည့်တတ်၏။ မောင်သည် ရုပ်ရှင်ဂီတ ဝါသနာ ကြီးလှသူ မဟုတ်။ အဆိုတော်များ၏ အသံကိုလည်း နားထောင်ပြီး ခွဲခြားတတ်သူ မဟုတ်။ ရုပ်ရှင်မင်းသား မင်းသမီးများကိုလည်း သိပ်မျက်မှန်းတန်းမိသူ မဟုတ်ပါ။
တွေးကြည့်တော့လည်း ကျွန်မနှင့်မောင် အသွင်တူသည့် အချက်ဟူ၍ စာကျက်ပျင်းခြင်း ၊ ပေါင်မုန့်ကြိုက်ခြင်း နှင့် ဖက်ထုပ်ကြော်ကြိုက်ခြင်းတို့သာ ဖြစ်လေသည်။ သည်မျှ အစစအရာရာ ဆန့်ကျင်နေသည့် ကျွန်မတို့ နှစ်ဦးအတွက် တစ်သက်တာ ခွဲခွာရခြင်းသည် သိပ်တော့ အံ့သြစရာမရှိဘူး ထင်ပါလေရဲ့။
သို့သော် မောင် စဉ်းစားကြည့်ဖို့ကောင်းသည်မှာ ကျွန်မသည် မောင်နှင့်ပတ်သက်လျှင် အစစအရာရာ လိုက်လျော အလျော့ပေးခဲ့သည် မဟုတ်ပါလား။ လက်ဖက်ရည်ဆိုင်မှာ ယောကျာ်းလေးများနှင့်အတူ တွဲသောက်တာ မောင်မကြိုက်ဘူးဆို ၊ မောင်မပါဘဲနဲ့ လက်ဖက်ရည်ဆိုင်သို့ မသွားရဘူးဆို၊ ကျွန်မ မောင့်ကို မလိုက်လျောခဲ့ပေးဘူးလား။ ကျွန်မ ကြိုက်သည့် လက်ဖက်ရည်ကို မောင့်အတွက် လျှော့ခဲ့ရတာ ၊ ကျွန်မ ကြိုက်သည့် ရုပ်ရှင်ကားများကို မောင့်အတွက် လျှော့ခဲ့ရတာ မောင် မသိတာလည်း မဟုတ်ပါဘဲနှင့်။
တကယ်တော့ ကျွန်မနှင့်မောင်၏ဇာတ်လမ်းတွင် ကျွန်မ ဘယ်လိုမျှ မထင်မှတ်သော တတိယဇာတ်ကောင်တစ်ဦး ဖြုန်းခနဲ ပေါ်လာခဲ့ခြင်းက အဓိက အကြောင်းအရင်း ဖြစ်သည်။ မောင့်ချစ်သူ မှာ တစ်လောကလုံး၌ ကျွန်မတစ်ယောက်သာ ဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ထားခဲ့သော ကျွန်မကိုချောက်ချားယိုင်နွဲ့ သွားလောက်အောင် ဖန်တီးလိုက်သူမှာ မောင်၏ ငယ်ချစ်ဦးဟု မောင်တို့မြို့က သတ်မှတ်ထားသည့် မောင်နှင့် ကျွန်မထက် သုံးနှစ်လောက်ငယ်သော ချစ်စဖွယ် မိန်းကလေး တစ်ဦး ဖြစ်လေသည်။
“အထက်တန်း ကျောင်းသားဘ၀ကတည်းက အသေအလဲ လိုက်ခဲ့တာ”
“အခုဆို ကောင်မလေးက သူတို့ မြို့က ကောလိပ်မှာ ကျန်နေခဲ့တာ”
“မြို့ကို ပြန်ရောက်တိုင်း သူက ကောင်မလေးအတန်းကို သွားသွားပြီးစောင့်တာ”
မောင်ရယ် … ကျွန်မ ဘယ့်နှယ်လုပ်ပြီး ယုံရမလဲ ဖြေပါဦး ။ ကျွန်မသည် မောင့်စကားမှ လွဲပြီး မည်သူ့ ပြောစကားမျှ မယုံကြည်တတ်သူ ဖြစ်၏ မောင့်ကို ဖွင့်ဟ မေးရဲလောက်အောင် ကျွန်မ သတ္တိမရှိခဲ့ပါ။ မောင်သည် ဟန်ဆောင်တတ်သူ တစ်ဦး ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့သော် ဗြောင်လိမ်ညာတတ်သူတော့ မဟုတ်ပါ။
#ဆက်ရန်ရှိ
