❝မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ အခြေအနေများကို ဆိုရှယ်မီဒီယာ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသားများထံ ဖြန့်ဖြူးပေးဖို့ ဟိုတယ်/ခရီးဒုဝန်ကြီး တောင်းဆို❞

ဒီဇင်ဘာ ၁၁

အာဆီယံ-တရုတ်စင်တာ အနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ အခြေအနေများကို ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသားများထံ ဖြန့်ဖြူးပေးစေလိုကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အဆိုပါ အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်က နေပြည်တော်မြို့ရှိ M Gallery Hotel ၌ တည်ခင်းဧည့်ခံခဲ့သည့် အလုပ်သဘော ညစာစားပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အလားတူ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို တရုတ်နိုင်ငံသားခရီးသည်များ ပိုမိုသိရှိ လာရောက်လည်ပတ်ရန် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် များကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရုတ်ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ တရုတ်ဘာသာစကားသင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း ပြောကြားသည်။

 ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားမြှင့်တင်ရေးအစီအစဉ်များ၊ ခရီးသွားမြှင့်တင် ရေး ဗွီဒီယိုများကို တရုတ်ဘာသာစကားဖြင့် ရိုက်ကူးထုတ်လုပ်ပေးခြင်းနှင့် CCTV ကဲ့သို့ တရုတ်နိုင်ငံရှိ မီဒီယာများတွင် ဖော်ပြခြင်း၊ လူမှုရေးဩဇာရှိသူများ၊ တရုတ်နိုင်ငံရှိ ခရီးလှည့်လည် ရေးလုပ်ငန်းများအား ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်များစီစဉ်ပေးခြင်းစသည့် အကူအညီများ ဆက်လက် ကူညီပေးစေလိုပါကြောင်းဖြင့်လည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

အလားတူ အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ကလည်း ယခုကျင်းပသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် သတင်းတုသတင်းအမှားများကြောင့် ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအပေါ် သက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ-တရုတ်စင်တာ အနေဖြင့် လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image