တာမွေမြို့နယ် စည်ပင်သာယာရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား လမ်းသွားနေသူ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး (ကျောက်မြောင်းမီးပွိုင့်)အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ လမ်းသွားနေသူ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲတဲ့နေရာက စည်ပင်ရုံးနားက အမှိုက်ပုံးက ပေါက်ကွဲတာပါ။ လမ်းသွားလမ်းလာသူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်။ ဗုံးစထိမှန် ဒဏ်ရာတွေ ရသွားကြတာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့ လုံခြုံရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်မှုဆောင်ရွက်နေကြပါတယ်”ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် တာမွေမြို့နယ်ရဲစခန်းတွင် ဗုံးဖောက်ခွဲမှုကို (ပ) ၄၁၃/၂၀၂၄ ၊ အကြမ်းဖက် ၅၄၊ ၅၀(ဈ)ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို အမြန်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage