နစကဥက္ကဋ္ဌ ကာလ်မီးကီယာပြည်နယ်အကြီးအကဲအား လက်ခံတွေ့ဆုံ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည့် အခြေအနေ များနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှကူညီ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့များ တက် ရောက်ကြသည်။

#centralnewsnaypyitaw

image
image
image