မစ်ဆူဘီရှီ ဖလားအုပ်စုပွဲမှာ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်နဲ့ ပရိသတ်ကြား အချင်းများ
ဒီဇင်ဘာ ၁၀
အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့်ပွဲစဥ်ရဲ့ ဒီဇင်ဘာ ၉ ရက် ညပိုင်းက မြန်မာနဲ့ အင်ဒိုနီးရှားပွဲအပြီး မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းခေါင်းဆောင် မောင်မောင်လွင်နဲ့ ပရိသတ်ကြား အချင်းများခဲ့တဲ့ပြဿနာဖြစ်ခဲ့တယ်လို့ ပွဲဝန်းထဲရှိနေသူ တချို့ကပြောပါတယ်။
အင်ဒိုအသင်းကိုရှုံးခဲ့ပြီးနောက် ပွဲကြည့်စင်က ပရိသတ်တချို့က အသင်းခေါင်းဆောင်မောင်မောင်လွင် နာမည်ကို တပ်ခေါ် ပြီး ဆဲဆိုတာကိုလုပ်ခဲ့သလို မြန်မာ့လက်ရွေးစင်အသင်းသားတွေ ပွဲကြည့်စင်ဘက်က ပရိသတ်ကို လာရောက်နှုတ်ဆက်ချိန်မှာလည်း မောင်မောင်လွင်က ပြန်လည်ဆဲဆိုတဲ့တုံ့ပြန်မှုလုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
''ဖြစ်စဥ်ကတော့ နှစ်ဖက်လုံးအလွန်ပဲ ပြောရမှာပေါ့ ပရိသတ်ကတော့ ဆဲမှာပဲလေ။ ရိုနယ်ဒိုတောင် ဆဲခံရတာပဲ တုံ့ပြန်တဲ့သူ က ဘယ်လိုတုံ့ပြန်မလဲ ဆင်ခြင်သင့်တာပေါ့။ကိုယ်က လက်ရွေးစင်ကစားသမားလေ လမ်းဘေးကလူမှမဟုတ်တာ'' လို့ ပွဲကြည့်စင်မှာရှိနေခဲ့သူတစ်ဦးက ပြောပါတယ်။
အွန်လိုင်းပေါ်မှာထွက်ပေါ်လာတဲ့ ဗီဒီယိုတွေထဲမှာ မောင်မောင်လွင်ကို အသင်းတာဝန်ရှိသူတွေက ဆွဲထုတ်ခေါ်သွားပြီး ကျန်တဲ့အသင်းသားတွေက ပရိသတ်ကိုဆက်ပြီး လက်အုပ်ချီတောင်းပန်နေချိန်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် ပရိသတ်တွေ ဆီကိုရောက်လာပြီး လက်အုပ်ချီတောင်းပန်တာလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
အဲဒီဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ်တချို့ကတော့ မောင်မောင်လွင်ကို ပြန်လည်တောင်းပန်ဖို့ ပြောဆိုနေကြသလို အဖွဲ့ချုပ်ဘက်ကလည်း မောင်မောင်လွင်ကို ပရိသတ်တွေကို ပြန်လည်တောင်းပန်ခိုင်းဖို့လိုတယ်လို့ ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရဲ့လုပ်ထုံးလုပ်နည်းတွေအရ အခုလိုဖြစ်စဥ်မျိုးကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက သုံးသပ်ပြီး အရေးယူမှုဆက်လုပ်တယ်လို့ သိရပါတယ်။
ကွင်းထဲမှာရှိနေသူတချို့ကတော့ ဥက္ကဋ္ဌ ဦးဇော်ဇော် က မောင်မောင်လွင့်ဖြစ်စဥ်ကို တောင်းပန်ဖို့နဲ့ အရေးယူပေးမယ့်အကြောင်း ပြောသွားတယ်လို့ ပြောပါတယ်
AFF Mitsubishi Electric Cup 2024 Group ( အုပ်စုအဖွင့်ပွဲစဉ်ကို မြန်မာ့လက်ရွေးစင် အသင်းနဲ့ အင်ဒိုနီးရှား လက်ရွေးစင် အသင်းတို့ ဒီဇင်ဘာ ၉ ရက် ည ၇ နာရီက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်းမှာ ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ၅ သင်း အုပ်စုမှာ အိမ်ကွင်းမှာ အင်ဒိုနီးရှားနဲ့လာအိုတို့နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၁၈ ရက်မှာလာအို (အိမ်ကွင်း) ၊ ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ် အသင်းတို့နဲ့ ဆက်ပြီးယှဥ်ပြိုင်ရဖို့ရှိနေပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး