အာဆတ်အလွန် ဆီးရီးယားအရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီးရီးယားနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပါဝင်ပတ်သက်နေသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံကနေ သမ္မတအာဆတ်ထွက်ပြေးသွားပြီး သူပုန်အုပ်စုတွေက မြို့တော်ဒမတ်စကတ်ကို သိမ်းပိုက်လိုက်ပြီးနောက် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၈ ရက်နေ့) မှာ သမ္မတဂျိုးဘိုင်ဒန်က အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“နောက်ဆုံးမှာ အာဆတ်အစိုးရ ပြုတ်ကျသွားခဲ့ပါပြီ။” လို့ ဘိုင်ဒန်က ပြောပါတယ်။ တစ်ပတ်ကျော်ကာလ အတွင်း အာဆတ်အစိုးရကို သူပုန်အုပ်စုက ဖြုတ်ချခဲ့ပြီးနောက် ပေါ်ထွန်းလာမယ့် အရှေ့အလယ် ပိုင်းဒေသ မြင်ကွင်းသစ်ကို ဘိုင်ဒန်နဲ့ ၎င်းရဲ့အမျိုးသားလုံခြုံရေးအရာရှိတွေက စောင့်ကြည့်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံဟာ အန္တရာယ်များပြီး မရေရာမသေချာတဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီး လက်ရှိ ဆီးရီးယားနိုင်ငံအ ရေးမှာ ရုရှား၊ အီရန်၊ ဟစ်ဘိုလာအဖွဲ့တို့ ပါဝင်ပတ်သင်ခြင်းမရှိတာ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

“အီရန်၊ ဟစ်ဘိုလာနဲ့ ရုရှားနိုင်ငံတို့ဟာ အာဆတ်အစိုးရကို နှစ်ပေါင်းများစွာကြာအောင် ထောက်ခံပံ့ပိုး လာကြပါတယ်။ ဒါပေမဲ့ အဲဒီသုံးဖွဲ့စလုံးဟာ ကျွန်တော်စတင်တာဝန်ထမ်းဆောင်ချိန်ကထက် လက်ရှိအချိန်မှာ ပိုပြီးအားနည်းလာတဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ သူတို့တွေရဲ့ ထောက်ခံမှုဟာ ပြိုလဲသွားခဲ့ပါ တယ်။” လို့ ၂၀၂၁ ခုနှစ်က သမ္မတ ဖြစ်လာတဲ့ ဘိုင်ဒန်က ပြောပါတယ်။

ဆီးရီးယားဟာ အန္တရာယ်များပြီး မရေရာမသေချာတဲ့ ကာလတစ်ခုကို ရင်ဆိုင်ခဲ့ရကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှ ကူညီသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ဆီးရီးယားနိုင်ငံ ရှေ့ခရီးဆက်ဖို့အတွက် အသေးစိတ်အစီအစဉ်တစ်ခု ကမ်းလှမ်းဖို့ အမေရိကန် ပြည်ထောင်စုမှာ အစီအစဉ်မရှိကြောင်း၊ ဆီးရီးယားအနာဂတ်ကို ဆီးရီးယားပြည်သူတွေက ရေးဆွဲရမှာ ဖြစ်ကြောင်း အမေရိကန်ထိပ်တန်း အရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ HTS သူပုန်အဖွဲ့ရဲ့ ကြေညာချက်တွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အဲဒီ HTS သူပုန်အဖွဲ့ဟာ မှန်ကန်တဲ့ပြောဆိုချက်တွေကိုသာ ထုတ်ပြန်ကြေညာနေတာတွေ့ရပေမဲ့ ဆီးရီးယားမှာ ဘာတွေဖြစ်လာမလဲဆိုတာ ပြောဖို့ စောလွန်းနေသေးကြောင်း အဆိုပါ အမေရိကန်အရာရှိကပြောပါတယ်။

ဆီးရီးယားမှာရှိနေတဲ့ ဓာတုလက်နက်တွေ ဘေးကင်းလုံခြုံစေရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အဆိုပါအရာရှိက ပြောပါတယ်။

Ref: US to work with partners in Syria to manage risk after Assad, Biden says

#သတင်းဟင်းလေးအိုးကြီး

image
image
image
image