❝အဝေးကွင်းကစားရမယ့် ဖိလစ်ပိုင်နဲ့ပွဲအတွက် အသေအချာပြင်ဆင်မယ်လို့ ဦးမျိုးလှိုင်ဝင်း ပြော❞

ဒီဇင်ဘာ ၁၀

အိမ်ကွင်းပွဲမှာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ဖိလစ်ပိုင်နဲ့ကစားမယ့် အဝေးကွင်းပွဲအတွက် အသေအချာပြင်ဆင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ မစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အဖြစ် မနေ့က ဒီဇင်ဘာ ၉ ရက်မှာ ဧည့်သည် အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့်ဒီဇင်ဘာလ(၁၂)ရက်၊ ကြာသပတေးနေ့၊ ညနေ(၅)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်လို့ ဒီနေ့ (ဒီဇင်ဘာ ၁၀ ရက်)မှာ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ❝အသင်းကစားပုံနဲ့ပတ်သက်လို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့တယ်။ ပထမပိုင်းမှာလည်း အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ အသင်းအနေနဲ့ ကံမကောင်းခဲ့ဘဲ ရသင့်တဲ့ဂိုးတွေမရခဲ့ပါဘူး။ ဘောလုံးမှာ ဘယ်အသင်းမဆို ရသင့်တဲ့ဂိုးတွေ မရဘူးဆိုရင် မရှုံးသင့်ဘဲ ရှုံးရတဲ့ပွဲတွေ ရှိပါတယ်။ အရန်အင်အားပိုင်းမှာ အင်ဒိုနီးရှားက ကျွန်တော်တို့ထက်သာပါတယ်။အဖွင့်ပွဲမှာ ရှုံးခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲအတွက် အသေအချာလေး ပြင်ဆင်သွားပါမယ်❞ ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image