20 w - Translate

~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ဆေးကျောင်းသား ကျောင်းသူများ၏ ရုပ်ရည်ကို ကျွန်မက သုံးမျိုးသုံးစား ခွဲထား၏။ ချောမောလှပခြင်းနှင့် မဆိုင်ပါ။ တချို့ကျောင်းသားများသည် ကျောင်းသားဘ၀မှာကတည်းက ဆရာ၀န်ရုပ် ရှိနေတတ်၏။ တချို့ကျောင်းသားများသည် ဆရာ၀န်ဖြစ်ပြီးလျှင်တော့ ဆရာ၀န်နှင့် တူလာမည့်ရုပ်ရည် ရှိ၏။
တချို့ ကျောင်းသားများသည် ဆရာ၀န်ဖြစ်ပြီး သေသည့်တိုင်အောင် ဆရာ၀န်ရုပ် တစ်စက်မျှ ပေါက်မည်မဟုတ်။ ဤ သုံးမျိုးကို ကျွန်မက ဥပမာအဖြစ် ပြောပြဖူး၏။
ဥပမာ ပေါ့ဟာ ၊ ခင်သွယ်သိန်းကို ကြည့် ၊ သူဆိုရင် ဆရာ၀န် မဖြစ်သေးဘူး ၊ ဆရာ၀န်နဲ့ တူနေပြီ မဟုတ်ဘူးလား ၊ သူက နံပါတ် (၁) အမျိုးအစားထဲမှာ ၊ ဥပမာ နင်တို့ နှစ်ယောက် (ခင်စန်း၀င်း နှင့် မဌေး၀င်း တို့ကို ဆိုလိုပါသည်။) အခု ဆရာ၀န် ရုပ်မထွက်သေးဘူး ၊ ဒါပေမယ့် နင်တို့ ဆရာ၀န်ဖြစ်ရင်တော့ ဆရာ၀န်ရုပ် ထွက်လာတော့မှာ သေချာတယ် ။ အားကိုးချင်စရာ ပေါ့ဟယ် ။ နင်တို့က နံပါတ်(၂) အမျိုးအစား ဟ ။ ဒါဖြင့် နံပါတ်(၃) ကရောဟု မေးလိုက်တော့ နံပါတ်(၃) ကတော့ ငါပေါ့ဟယ် ။ အခုလဲ ဆရာ၀န်နဲ့ မတူဘူး ။ ဆရာ၀န်ဖြင့်လဲ တူမှာမဟုတ်ဘူး ။ ကျွန်မတို့ သုံးယောက်လုံး ရယ်မောမိကြသည်။
ယောကျာ်းတွေကျရောဟု မေးကြပြန်၏။ ကျွန်မက မျက်နှာ တည်တည်နှင့် ဖြေပါသည်။ အေး … ၀င်းမြင့်ထွန်းကတော့ ငါ့လိုပဲဟ။ ဆရာ၀န်ဖြစ်ပြီးလည်း ဆရာ၀န်နဲ့ တူမှာ မဟုတ်ဘူး။ (ခင်စန်း၀င်းက ကျွန်မကို မျက်စောင်းထိုးကာ မသိချင်ယောင် ဆောင်ထား၏။ ) အဲ … လှစိုးညွှန့်ကတော့ ဆရာ၀န် ဖြစ်ပြီးရင် ဆရာ၀န်ရုပ်ပေါက်လာမှာ သေချာတယ် ။
(မဌေး၀င်း စပ်ဖြဲဖြဲနှင့် ရယ်သည်ကို ကျွန်မ မသိချင်ယောင်ဆောင်ရပြန်၏။)
ဆရာ၀န် မဖြစ်ခင်ကတည်းက ဆရာ၀န်နဲ့ တူနေတာကတော့ ယောကျာ်းလေးထဲမှာ တစ်ယောက်တည်းရှိတယ်။ ‘ဘယ်သူတုန်း’ ပြိုင်တူမေးကြ၏။ ကျွန်မက ခပ်တည်တည် မျက်နှာထားဖြစ်အောင် ကြိုးစားလျက် မောင့်နာမည်ကို ဖြေလိုက်သောအခါ နှစ်ယောက်လုံးက ကျွန်မကို ဝိုင်းဆဲကြတော့သည်။
ကျွန်မ၏ တွယ်တာမြတ်နိုးမှုကို ပထမဆုံး မောင် ရိပ်မိသွားသောနေ့ကို ကျွန်မတို့ နှစ်ယောက်လုံး အမှတ်ထင်ထင် သတိရနေကြပါသည်။ တစ်သျှုးဗေဒ (ဟစ်စကိုလိုဂျီ) လက်တွေ့ခန်းမှာ ဖြစ်ပါသည်။ လူပေါင်း ၁၄၀ကျော်ရှိသည့်အတွက် အဖွဲ့ခွဲ၍ အခန်းနှစ်ခုမှာ စာသင်ကြရပါသည်။ ကံကောင်းထောက်မစွာ မောင့်နံပါတ်သည် ကျွန်မတို့၏ အဖွဲ့နှစ်ထဲသို့ ကပ်ပါလာခဲ့သည်။
ရုံးသုံး ကျွန်းစားပွဲခုံ အရှည်များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆက်၍ ခုံတန်းရှည်ကြီး ဖြစ်အောင် လုပ်ထားပြီး ဘေးနှစ်ဘက် တစ်ဖက်တစ်ချက်စီတွင် တစ်တန်းစီ ၊ အလယ်တွင် တစ်တန်း အလျားလိုက် သုံးတန်းခွဲပြီး လက်တွေ့ လုပ်ကြရ၏။မောင်သည် ၀င်ပေါက်ဘက် မဟုတ်သော ပြတင်းဘက်နံရံက အတန်းတွင် ရှိပြီး ကျွန်မက အလယ်စားပွဲခုံတန်း ဖြစ်၏ ။ အဏုကြည့်မှန်ပြောင်း (မိုက်ကရိုစကုပ်များ) ကို ပြတင်းပေါက်များ ရှိသောဘက်သို့ လှည့်ထားသောကြောင့် မောင်သည် ပြတင်းပေါက်ကို မျက်နှာမူလျက် (ကျွန်မကို နောက်ကျောပေးလျက်) ရှိသည်။
ကျွန်မသည် အလယ်ခုံတန်း မောင့်နောက်တည့်တည့်မှ မောင်ရှိရာဘက်သို့ မျက်နှာမူလျက် (အခန်း၀င်ပေါက်များကို ကျောပေးလျက်) ရှိသည်။ ထိုနေ့က မောင်သည် ယောကျာ်းလေးတစ်ယောက်နှင့် မည်သို့မျှ မသက်ဆိုင်သော နီညိုရောင် အင်္ကျီလက်ရှည် ၊ အနက်ရောင် များသော နီညိုရောင် ဘောင်းဘီ တို့ကို ၀တ်ဆင်ထားခဲ့၏။
(ထို၀တ်စုံမှာ တတိယနှစ် အမ်ဘီရောက်သည့်အခါ ဖဲရှူံးသွား၏။) မောင်သည် ဆလိုက်ပြားကို ကြည့်နေရာမှ တစ်ချက်တစ်ချက် ခေါင်းငဲ့၍ ကျွန်မကို ပြန်ပြန်လှည့်ကြည့် နေပါသည်။ မောင် တစ်ချက် ကြည့်လိုက်တိုင်း ကျွန်မ နှလုံးသား ဒိတ်ခနဲ ဆောင့်ထိုးတတ်၏။ ကြာတော့ ကျွန်မ မျက်နှာပူနွေးလာပြီး မောင့်ကို မကြည့်ပဲ မိုက်ကရိုစကုတ်ကို သဲသဲမဲမဲ ကြည့်နေခဲ့၏။
ကျွန်မ အတော် အူကြောင်ကြောင် နိုင်၏။ ဆလိုက်ကို ကြည့်နေပြီး ဘာမှ မမြင်ရသည်မှာ ကျွန်မမျက်စိများ ရှက်စိတ်ဖြင့် ပြာနေသောကြောင့် ဟု ထင်ခဲ့၏။ အနည်းငယ် ရယ်မောစရာ ကောင်းသွားသော အဖြစ်အပျက်တစ်ခု ကံဆိုးစွာ မောင့်ရှေ့မှာ ဖြစ်ခဲ့သည်။

#ဆက်ရန်ရှိ

image