ကျောက်ဆည်မြို့နယ်တွင် ကျပ်သိန်း ၄၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် HUMMER ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ ည ၆ နာရီအချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ထွန်းလင်း(ခ)အားဝေ မောင်းနှင်လာသည့် HUMMER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၁၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အောင်ထွန်းလင်း(ခ)အားဝေ (၂၅) နှစ်အား သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
