ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် (၉)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် (၉)ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၆၁)သိန်းနှင့် ဘိန်းဖြူ (၄၄ဝ)ဂရမ်တို့ကို မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ (၁၀၁)လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကျော်သူလွင်(ခ) မွန်ချေးဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၀,၀၀၀) ပြားကို စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ကျော်သူလွင်(ခ) မွန်ချေးဆိုသူ ငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်ရှိ နေအိမ်၌ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၄သိန်းနှင့် (၃၅)လမ်းနှင့် (၅၄) လမ်းထောင့်ရှိ ဟိုတယ်အခန်းတွင် ရောင်းချရန်အသင့်ထားရှိသည့် ဘိန်းဖြူ (၄၄၀) ဂရမ်တို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ် ဆေးပြား (၆၁)သိန်း၊ ဘိန်းဖြူ (၄၄၀)ဂရမ်၏ စုစုပေါင်းဒေသကာလတန်ဖိုးမှာ ငွေကျပ် ၉ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိကြောင်း သိရသည်။

ယင်းအပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ခိုင်မင်း(ခ) ဖိုးလုံးအား CRV မော်တော်ယာဉ် (၁)စီး နှင့်အတူ မန္တလေးမြို့ ၊ ၅၁ လမ်း၊ ၁၂၃ x ၁၂၄ လမ်းကြား၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image