ယနေ့ကာလတွင် ပြည်တွင်းပြည်ပအဖျက်သမားများသည် ဆိုရှယ်မီဒီယာကိုလက်နက်သဖွယ်အသုံးပြုပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော်သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် ထိုးနှက်တိုက်ခိုက် လျက်ရှိကြောင်း တပ်ချုပ်ပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၇
ယနေ့ကာလတွင် ပြည်တွင်းပြည်ပအဖျက်သမားများသည် ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် ထိုးနှက်တိုက် ခိုက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ယနေ့ကာလမှာ ပြည်တွင်းပြည်ပအဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် ထိုးနှက်တိုက်ခိုက် လျက်ရှိတယ်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ ဒို့တပ်မတော်သား အချင်းချင်းစိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မြင်တွေ့ကြရမှာဖြစ်တယ်။ အဲဒီလို တပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေကို နားမယောင်မိဖို့လိုသလို ရဲဘော်တို့အနေနဲ့ တာဝန်ကျရာတပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော် သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်သွား စေဖို့နဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံးလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
လက်ရှိအချိန်တွင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တချို့သည် တပ်မတော်အပေါ် ပြည်သူလူထု၏ အထင်အမြင်များ လွဲမှားသွားစေရန်အတွက် ပြည်ဖျက်မီဒီယာများနှင့် ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်း အောင် ပြောဆိုရေးသားနေကြတာကို တွေ့ရကြောင်း၊ ယင်းလုပ်ဆောင်ချက်များသည် တပ်မတော်အပေါ်မှာ သာမက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်မှာ ဆိုးရွားစွာထိခိုက်နိုင်တာ ရဲဘော်တို့ အသိပဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ ဆိုးရွားသည့် လုပ်ရပ်များ အပေါ် အသိ၊ သတိနှင့် ဆင်ခြင်ပြီး စစ်မှန်သည့် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အလေးထားလုပ် ဆောင်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး



