အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာတစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့ စေရေးနှင့် ခရီးသွားများအမြဲမပြတ်လည်ပတ်နိုင်ရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား
နေပြည်တော်၊ ဒီဇင်ဘာ ၇
အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ(Land Mark) တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများအမြဲမပြတ်လည်ပတ်နိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးက မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက်အပန်းဖြေကြမည့်သူများ များပြားနိုင်သဖြင့် လိုအပ်သည်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ(Land Mark)တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများအမြဲမပြတ်လည် ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်သဖြင့် ပန်းပေါင်းစုံများ ရာသီမရွေးဖူးပွင့်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။
ပြင်ဦးလွင်ဒေသသို့ ခရီးသွားဧည့်သည်များ အများအပြား လာရောက်အပန်းဖြေကြခြင်းသည် ဒေသ၏ သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု၊ အေးချမ်းစိုပြေမှုတို့ကြောင့်ပင်ဖြစ်ပြီး အိမ်သာ၍ ဧည့်လာခြင်းပင်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ခရီးသွားအများအပြားလာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင်သည်ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ Green Zone Areaများကို မဖြစ်မနေအကောင်အထည်ဖော်သွားရမည်ဖြစ်ပြီး နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုးထိန်းသိမ်းခြင်းများဖြင့်လည်း ရာသီဥတုကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းကြရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
#centralnewsnaypyitaw




