စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို ဖြုတ်ချဖို့ လွှတ်တော်မှာ မနက်ဖြန် မဲခွဲဆုံးဖြတ်မယ်

ဆိုးလ်၊ ဒီဇင်ဘာ ၆

တောင်ကိုရီးယားမှ စစ်အုပ်ချုပ်ရေး ကြေညာဖို့ကြိုးစားခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ရာထူးကနေ ဖယ်ရှားဖို့လိုအပ်တယ်လို့ အာဏာရပါတီအကြီးအကဲက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အစိုးရတော့ နောက်ထပ် စစ်အုပ်ချုပ်ရေး ကြေညာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပြီး သမ္မတရဲ့ လုပ်ရပ်အပေါ် အာဏာရ People Power ပါတီကလည်း ရှုတ်ချထားပါတယ်။

ကွန်မြူနစ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြည်တွင်းက အဖျက်သမားတွေကို ရှင်းလင်းဖို့အတွက်ဆိုကာ သမ္မတက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပေမယ့် ပါလီမန်ရဲ့ ကန့်ကွက်မှုကြောင့် နာရီပိုင်းအကြားမျာ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။

တောင်ကိုရီးယားအဓိကတိုက်အခံ ဒီမိုကရက်တစ်ပါတီကတော့ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှ အဆိုတင်သွင်းခဲ့ပြီး စနေနေ့ ညနေပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

စစ်အုပ်ချုပ်ရေး နောက်ထပ်ကြေညာဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ကင်ဆွန်ဟိုက ပြောပါတယ်။ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်တွေအရ ကိုရီယားနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို ချက်ချင်း ရာထူးကနေ ရပ်ဆိုင်းဖို့လိုတယ်လို့ ယုံကြည်ကြောင်း အာဏာရပါတီ အကြီးအကဲက ပြောပါတယ်။

သမ္မတကို စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်း အောင်မြင်ဖို့အတွက် အမတ် ၃၀၀ ရှိတဲ့ ပါလီမန်မှာ အမတ်သုံးပုံနှစ်ပုံက ထောက်ခံဖို့လိုအပ်ပါတယ်။ လွှတ်တော်မှာ သမ္မတရဲ့ အာဏာရပါတီက လွှတ်တော်အမတ် ၁၀၈ ယောက်ရှိတဲ့အတွက် ဥပဒေအတည်ပြုဖို့ဆိုရင် အမတ် ၈ ယောက်ထက်မနည်းက အတိုက်အခံတွေဘက်က မဲထည့်ရမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ အာဏာရပါတီရဲ့ဒီကနေ့အစည်းအဝေးကို တက်ရောက်လာတာမတွေ့ရပါဘူး။ဒါအပြင် လွှတ်တော်ကို သွားရောက်နေတယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Ref:Reuters
Photo: Reuters

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image