ဗန်းမော်နဲ့ မံစီမြို့မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဒီဇင်ဘာ ၅

ကချင်ပြည်နယ်ရှိ ဗန်းမော်နဲ့ မံစီမြို့မှာ မနေ့ ဒီဇင်ဘာ ၄ ရက်၊ မနက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်ဟာ မံစီရှိ ခြေမြန်တပ်ရင်း (ခမရ - ၃၁၉ ၊ ၆၀၁)၊ အမြောက်တပ် (အမတ - ၅၂၃)၊ ဗန်းမော်မြို့အနီးရှိ ခြေလျင်တပ်ရင်း (ခလရ - ၄၇)၊ စစ်လက်နက်ပစ္စည်းတပ် (စစန - ၆၄၁) တို့အပါအဝင် နစက တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“မံစီက လက်ကျန်စခန်းတွေကို ပြီးသတ် သိမ်းနိုင်ဖို့ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ။ နစကဘက်ကလည်း ဒရုန်းတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ပြန်တိုက်နေတယ်။ KIA က မိုးမောက်ကိုသိမ်းပြီး ဗန်းမော်နဲ့ အနီးဆုံးမှာရှိတဲ့ မံစီဘက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတာ။ မနေ့ ဒီဇင်ဘာ ၄ ရက်၊ မနက် ၅ နာရီလောက်စပြီး ဗန်းမော်နဲ့ မံစီမြို့ ပတ်ပတ်လည်က နစကတပ်စခန်းတွေကို KIA က တိုက်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဗန်းမော်မှ မံစီမြို့ဘက်အထွက်ရှိ ဖန်းခါးကုန်းရွာ စစ်တပ်ဂိတ်စခန်းနဲ့ ညောင်ပင်သာ ဂိတ်စခန်း၊ ဖန်းခါးကုန်းရွာအနီးရှိ ခြေလျင်တပ်ရင်း (ခလရ - ၄၇) တို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“တိုက်ပွဲက ခုချိန်ထိ ပြင်းထန်နေတုန်းပဲ။ မနက်ကတည်းက ခုချိန်အထိ ပစ်ခတ်သံတွေ ကြားနေရတုန်း။ KIA တပ်တွေ ဗန်းမော်မြို့ထဲ ရောက်နေပြီလို့လည်း ပြောတယ်။ လက်ရှိကတော့ အ.ထ.က (၂) အကျော်က “ဖြိုး” မိုဘိုင်းဖုန်းဆိုင်နားမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရတယ်” လို့ ဗန်းမော်ဒေသခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့အတွင်းမှာ ဒေသခံတွေ ပိတ်မိနေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်နေရတဲ့ အနေအထားဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆)၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄)၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခု ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ခဲ့တဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မဘိမ်းမြို့နဲ့ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့တွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage