~~~ အမှတ်တရ ~~~ { ၃ }
#ဂျူး
ဘာအဓိပ္ပါယ်နှင့် ကျွန်မ ပြုလုပ်မိမှန်း မသိသော်လည်း ကျွန်မအတွက် ဤအိမ်ကလေးရှိနေမှ ဖြစ်မည်။ ဤအိမ်ကလေးသို့ တစ်နှစ်တွင် တစ်ခါ ၊ သို့မဟုတ် နှစ်ခါ လာရသည်မှာ မောင့်ထံ လာရသလိုပင် ကျွန်မ ခံစားရသည်။အိမ်ထဲ ၀င်လျှင်၀င်ချင်း မောင့်ကိုယ်ငွေ့ အနံ့အသက်များကို ကျွန်မရမည်။
ဘုရားစင်တစ်ခုမှ လွဲ၍ တခြား အိမ်ထောင်ပရိဘောဂများ ပြည့်စုံပါ၀င်သည့် ဤ အိမ်ကလေးသည် ကျွန်မ အတွက်တော့ နွေးထွေးသော လွမ်းဆွတ်ခြင်း တစ်ခုခုဖြစ်သည်။ ဤအိမ်သို့ ရောက်လျှင် ကျွန်မသည် မြို့မှာ ကျန်ရစ်ခဲ့သော လူနာများကို လည်းကောင်း ၊ ဆွေမျိုးများကိုလည်းကောင်း ၊ လှုမှုရေး ပြဿနာများကိုလည်းကောင်း သတိမရတော့ဘဲ ကျွန်မ၏ နှလုံးအိမ်နှင့် ဦးနှောက်မှာ မောင်တစ်ယောက်သာ ၀င်ရောက်နေတော့သည်။
မောင့်ကို ကျွန်မ မေ့ဖျောက်၍ မရအောင် ချစ်ခဲ့သည်။ မေပျောက်ဖို့ မကြိုးစားချင်လောက်အောင် မက်မောတွယ်တာခဲ့သည်။ နာကြည်းမုန်းတီး၍ မရလောက်အောင် မြတ်နိုး တမ်းတ ခဲ့သည်။
ကျွန်မ ချစ်သော မောင်သည် တောင်ပေါ်မြို့ကလေး တစ်ခုတွင် ကျွန်မနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းသာယာ ရှိနေလိမ့်မည်။ အထက်တန်းကျောင်းသား ဘ၀ ကတည်းက မောင် မြတ်နိုး၍ အသည်းအသန် လိုက်ယူခဲ့ရသည်ဟု သတင်းကြားသော မောင့်ဇနီးနှင့် ရယ်မောပျော်ရွှင် နေပေလိမ့်မည်။ အလုပ်မှ ပင်ပန်းစွာ ပြန်လာတိုင်း ချစ်စဖွယ် အပြုံးလေး နှင့် အရေးတယူ ဆီးကြို နှစ်သိမ့်မည့် လှပသော ဇနီးကို မောင် ကျေနပ်မြတ်နိုးမဆုံး ရှိလိမ့်မည်။
ဆေးခန်းမှ ညကိုးနာရီဆယ်နာရီ အိမ်ပြန်ရောက်သောအခါတိုင်း အေးစက်နေသော ထမင်းနှင့်ဟင်းကို ခြောက်ကပ်စွာ ကျွန်မ စားနေချိန်တွင် မောင်ကတော့ မောင့်ဇနီး ပြင်ဆင်ကျွေးသော ပူနွေးသည့်ညစာ ချစ်သော ဇနီးနှင့် စိုပြည်စွာ စားသောက်နေပေလိမ့်မည်။ အိပ်ရာ၀င်အချိန်တိုင်း အိပ်ရာပေါ်တွင် အလျားမှောက်ကာ ခေါင်းအုံးတွင် ပါးအပ်၍ ငြိမ်သက်ရပ်တန့်စွာ ကျွန်မ အိပ်ပျော်ဖို့ ကြိုးစားနေချိန်တွင် မောင်ကတော့ ချစ်ဇနီးကို ရင်ခွင်မှ ပွေ့ဖက်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေလိမ့်မည်။ နံနက်အိပ်ရာထချိန် စားပွဲတင်နာရီ၏ နှိုးစက်မြည်သံဖြင့် ထိတ်လန့်တကြား ၊ ကျွန်မနိုးထချိန်တွင် မောင်ကတော့ ညင်သာသော အနမ်းတစ်ခုဖြင့် နှစ်သိမ့်စွာ နိုးထခဲ့ပေမည်။ စီစဉ်တကျ မဟုတ်သော နံနက်စာကို ကြုံသလို ကျွန်မ စားနေရချိန်တိုင်း မောင့်မှာတော့ အဆင်သင့် ပြင်ဆင်ကျွေးမွေးမည့် ဇနီးက ရှိနေသည်။
ကံဆိုးသော ပညာတတ်မိန်းမတစ်ယောက်နှင့် ကံကောင်းသော ပညာတတ် ယောက်ျားတစ်ယောက်သည် ဤမျှ ကွာခြားမှာပဲ မဟုတ်လား။
“မိန်းမဆိုတာ ပညာတတ်ဖို့မလိုဘူး ၊ ရုပ်ချောဖို့ပဲ လိုတယ် ၊ မိန်းမပီသဖို့ပဲ လိုတယ်”
ရယ်သလို မောသလို မကြာခဏ ကြွေးကြော်လေ့ရှိသော မောင်သည် သာမန် ဘွဲ့ရတစ်ဦးဖြစ်သည့် လှပသော မိန်းကလေးကို ရွေးချယ်တာ မှန်ကန်ပါသည်။
“ဒါဖြင့် ပညာတတ်ပြီး ရုပ်မချောတဲ့မိန်းမကို မောင်ဘာဖြစ်လို့ မောင့်ဘေးမှာ လက်တွဲခေါ်ခဲ့သေးလဲ”
မောင့်ကို ပြောချင်သော စကားများစွာထဲမှ သေးဖွဲသောစကားလေးတစ်ခွန်းသာ ဖြစ်ပါသည်။ ကျွန်မ စကားတစ်ခွန်းကြောင့် မောင် စိတ်ထိခိုက်မည်ဆိုလျှင် ကျွန်မကို ကျွန်မ အပြစ်ဒဏ် ခတ်ပစ်လိုက်မည်။ ကျွန်မကြောင့် မောင် မတွေဝေစေရပါ။ မောင့် ဆုံးဖြတ်ချက်သည် ကျွန်မကြောင့် မှားယွင်းမှု မရှိစေရပါ။ မောင် တစ်ခုခုမှားသည် ဆိုလျှင်လည်း ဤအမှားသည် မောင်ကိုယ်တိုင် ဖန်းတီး ပြုလုပ်ခဲ့သော အမှားသာ ဖြစ်စေရမည်။
သို့သော် မောင့်ဘ၀မှာ နောက်ထပ်အမှားဟူ၍ ရှိတော့မှာ မဟုတ်။ ကျွန်မကို ချစ်ခဲ့ခြင်းသည်သာ မောင့်အတွက် အကြီးဆုံး အမှားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မောင်နှင့်ကျွန်မသည် အစစအရာရာပေါင်းစပ်၍ မရနိုင်လောက်အောင် သီးခြားဖြစ်တည် နေခဲ့သောကြောင့် ဖြစ်သည်။ (ဤအချက်ကိုလည်း အချိန်လွန်မှ နှစ်ဦးစလုံး ရိပ်မိခဲ့ရသည်။)
မောင်က သူ့ချစ်သူကို မိန်းကလေး ပီသစေချင်သည်။
ကျွန်မသည် သနပ်ခါး လိမ်းဖို့ကိုပင် အလွန်ပျင်းရိသူဖြစ်ရာ မိန်းကလေးများလိမ်းအပ်သည့် မိတ်ကပ် ၊ ပေါင်ဒါ ၊ရေမွှေး ၊နှုတ်ခမ်းဆိုးဆေး စသည်တို့ကို စိတ်ကူးထဲ၌ပင် ထည့်ဖော်မရပါ။ အ၀တ်အစား အဆင်အပြင်ကိုလည်း ကြုံသလို ကောက်၀တ်သွားတတ်၏။ စိတ်နှလုံးနှင့် ဦးနှောက် အရည်အချင်းကိုသာ တန်ဖိုးထားတတ်သော ကျွန်မသည် ခန္ဓာကိုယ် အရေပြားပေါ်မှ အလှအပကို တန်ဖိုးမထားတတ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
#ဆက်ရန်ရှိ
