၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းမှာ ပိတ်ရက်မရှိဆက်တိုက်ဖြေဆိုရမယ့်အပေါ် ဝေဖန်မှုတွေရှိ
ဒီဇင်ဘာ ၅
လာမယ့် မတ်လမှာကျင်းပမယ့်၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းထုတ်ပြန်လာတဲ့အပေါ် ဖြေဆိုကြမယ့် ကျောင်းသား၊ကျောင်းသူတွေနဲ့မိဘ၊ဆရာ ပညာရေးအသိုင်းအဝိုင်းတွေကြား ဝေဖန်မှုတွေရှိနေပါတယ်။
၂၀၂၅ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ကို မတ်လ ၁၇ ရက်မှ ၂၂ရက်အထိ သတ်မှတ်ထားကာ စာမေးပွဲဆိုင်ရာဘာသာရပ်တွေကို ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုရမှာ ဖြစ်ပါတယ်။
" စာမေးပွဲက ဆက်တိုက်ဖြေရမယ်ဆိုတာ ကလေးတွေအတွက်နားချိန်မရှိတော့ ဝန်ပိသလိုပဲ။ ဆယ်တန်းစာမေးပွဲဆို စိတ်လှုပ်ရှားတဲ့ကလေးကများတာ ဖြေဆိုတာတွေ ကမောက်ကမဖြစ်ကုန်မှာပဲစိုးရိမ်မိတယ်။ ရှေ့နှစ်တုန်းကလည်း ဒီလိုဆက်တိုက်ဖြေဆိုရလို့ အောင်ချက်နှုန်းမှာထိခိုက်တာတွေရှိခဲ့တော့ အခုလည်းဒီလိုပဲဖြစ်လာရင် မလွယ်ဘူးလို့" တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူတွေကို သင်ကြားပေးနေသူ အထက်တန်းပြဆရာမတယောက်က မှတ်ချက်ပြုပြောပါတယ်။
Grade-12 အတန်းဖြစ်တဲ့ ကျောင်းသား၊ကျောင်းသူတွေဖြေဆိုရမယ့်ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်သစ်ပညာရေးရဲ့ ဒုတိယအကြိမ်ကျင်းပမယ့်စာမေးပွဲဖြစ်သလို စနစ်ဟောင်းပညာရေး က အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်းမဖြေလိုက်ရသူတွေနဲ့ နဝမတန်းအထိ စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူတွေကို ပါ ပြန်လည်ပြီးစာမေးပွဲဖြေဆိုနိုင်ဖို့ခွင့်ပြုထားတယ်လို့ ပညာရေးဝန်ကြီးဌာနကဘက်က ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက အသိပေးကြေညာထားပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ကမတ်လ ၁၁ရက်မှ ၁၉ရက်အထိကျင်းပရာမှာ တနိုင်ငံလုံးအနေနဲ့ စာစစ်ဌာန ၇၉၄ခုဖွင့်ထားကာ ဖြေဆိုသူကျောင်းသားကျောင်းသူပေါင်း ၁၂၈၈၀၁ ယောက် ဖြေဆိုကာ ပျက်ကွက်သူအရေအတွက်၂၀၀၀ကျော်ရှိခဲ့တယ်လို့သိရပါတယ်။
စာစစ်ချိန်မှာတက္ကသိုလ်ဝင်စာမေးပွဲဖြေရန် မှတ်ပုံတင်ထားပေမယ့်ဖြေဆိုမှုပျက်ကွက်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေထဲ စစ်ဖြစ်နေလို့ မငြိမ်းချမ်းတဲ့ နယ်မြို့တွေက လည်းပါဝင်သလို ဒေသတွင်းမငြိမ်းချမ်းလို့လုံခြုံ ရေးစိတ်မချရ တဲ့အတွက် စာစစ်ဌာနတွေ ပြုလုပ်မပေးနိုင်တဲ့ နေရာဒေသတွေလည်းရှိခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးတွေကပြည်နယ်အစိုးရတွေ ပူးပေါင်းကာ၂၀၂၄ခုနှစ်ဧပြီလ၂၉ရက်ကနေမေလ၆ရက်အထိ အထူးအစီစဉ်တရပ်အနေနဲ့ စာစစ်ဌာန၁၂ခုဖွင့်ကာ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုစေရာ ဖြေဆိုရန်စာရင်းသွင်းသူကျောင်းသား၊ကျောင်းသူ ၅၃၅ ယောက်မှာ၂၇၈ ယောက်ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ဆိုပါတယ်။
" မနှစ်က ၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ တုန်းကတော့ နယ်တွေမှာ နယ်မြေမအေးချမ်းလို့ဖြေမယ့်ကလေးတွေ မဖြေလိုက်ရတာကို အစားထိုးစာမေးပွဲလုပ်ပေးတာတွေတော့ရှိတယ်။ဒီနှစ်အတွက်ကတော့အဲ့ဒါနဲ့ပတ်သက်ပြီး ဌာနတွင်းအစည်းအဝေးလည်းမလုပ်ရသေးတော့ မနှစ်ကလိုပြန်လုပ်ပေးမပေးပြောရခက်နေသေးတယ်။ ခုချိန်ကတော့ စာမေးပွဲအချိန်ဇယားထွက်တာပဲရှိသေးတယ်။ကလေးတွေစာမေးပွဲဖြေဖို့စာရင်းသွင်းခိုင်းတာတွေ ကတ်ထုတ်ခိုင်းတာတွေကလည်း ဖြေခါနီး၂လလောက်မှ စအသိပေးမှာဆိုတော့ ဘာလုပ်မလဲပြောရမှာ စောနေသေးပါတယ်။ အခုလာမယ့်၂၀၂၅ခုနှစ်အတွက် က လက်ရှိGrade-12 ကျောင်းသားကျောင်းသူက အစိုးရကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေအားလုံးပေါင်းမှာ အရေအတွက်၂သိန်းကျော်ရှိတယ်။နောက်ထပ်မနှစ်က ပြင်ပဖြေနဲ့ စနစ်ဟောင်းနဝမတန်း အောင် အတန်းတွေပါ ပေါင်းရင် ပိုများလာနိုင်ဖို့ခန့်မှန်းထားပါတယ်။"လို့ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတယောက်ကပြောပါတယ်။
၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းအရမတ် ၁၇ ရက်တွင် မြန်မာစာ၊ မတ် ၁၈ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၉ ရက်တွင် သင်္ချာ၊ မတ် ၂၀ ရက်တွင် ဓာတုဗေဒ/ ပထဝီဝင်၊ မတ် ၂၁ ရက်တွင် ရူပဗေဒ/ သမိုင်း၊ မတ် ၂၂ ရက်တွင် ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာရပ်များကို ဆက်တိုက်ဖြေဆိုရမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


