ဗန်းမော်မြို့ထဲနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်လာလို့ ဒေသခံတွေ အ​ရေးပေါ် တိမ်းရှောင်

ဒီဇင်ဘာ ၅

ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ထဲ အပါအဝင် အနီးဝန်းကျင် နေရာအနှံ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီခန့်ကစ တိုက်ပွဲ ပြင်းထန်လာလို့ ဒေသခံတွေ ဘေးလွတ်ရာ အမြန်ဆုံး တိမ်းရှောင် နေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စက်လှေတွေနဲ့ စစ်ဘေးရှောင်နေ ရပြီ။ စက်လှေတွေ တော်တော် တန်းစီနေတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။

စကခ ၂၁၊ ခလရ - ၃၁၉၊ ခမရ ၆၀၁၊ ခလရ - ၄၇၊ လက်နက်ကြီးတပ် ၆၄၁ တွေ အပါအဝင် ဗန်းမော် - မိုးမောက် လမ်းပေါ် နဲ့ မြို့ထဲက နေရာ တချို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာ လို့ သူက ပြောပါတယ်။

"ဗန်းမော်ထဲလည်း အခြေအနေ မကောင်းဘူး။ ၃ မိုင်ဘက်က ဒေသခံတွေ နဲ့ မြို့ပြင်ဘက်က ဒေသခံတချို့ မြို့ထိပ်ပြေးလာကြတာ ကားတွေ ဆိုင်ကယ်တွေ ပြည့်နေတယ်" လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။

တချို့ နစက တပ်စခန်း တွေ သိမ်းခံရတယ်လို့ ကြားနေသလို မြို့ထဲ လေယာဉ်ကွင်းနဲ့ တက္ကသိုလ် တွေလည်း အခြေအနေမကောင်းဘူးလို့ ကြားရပေမယ့် အတည်နိုင်ဘူး လို့ သူက ပြောပါတယ်။

လက်နက်ကြီးသံ၊ လေယာဉ် ဗုံးကြဲ သံတွေ တရုတ် နယ်စပ်ဘက် ခြမ်း ကနေတောင်ကြားနေရတယ်လို့ တရုတ် နယ်စပ်ဘက် ​နေထိုင်သူတွေကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတည်းက နစက တပ်ဖွဲ့တွေက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးမောက်ဘက် တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပေမယ့် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် အစောပိုင်းကစ ဗန်းမော်မြို့ ထဲ တချို့ နေရာ အပါဝင် မြို့အနီး ဝန်းကျင်က နေရာ ၇ ရာ ဝန်းကျင်ခန့်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ကတပြိုင်တည်း ထိုးစစ်ဆင်လာတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image