ဘုရားသုံးဆူကတစ်ဆင့် ထိုင်းနိုင်ငံထဲကို ခိုးဝင်သည့် မြန်မာ ၅၀ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်က ထိုင်းနိုင်ငံအတွင်း ခိုးဝင်သည့် မြန်မာ ၅၀ ဦးကို တစ်နေ့တည်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃ ရက်က တရားမဝင် မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် ကားတစ်စီးမောင်းနှင်လာ ကြောင်း သတင်းရရှိသောကြောင့် ကန်ချနပူရီရဲစခန်းမှ ရဲမှူးကြီး Paitoon Sriwilai ဦးဆောင်သည့်အဖွဲ့က စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် Sangkhla Buri ရဲတပ်ဖွဲ့က အမှတ် (၃)၊ နောင်လူကျေးရွာလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးမှုများပြုလုပ်စဉ် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ချနဘူရီခရိုင်၊ Sangkhla Buri မြို့နယ်၊ အမှတ် (၉) ၊ နောင်လူကျေးရွာဘက်သို့ အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် အိမ်စီးကားတစ်စီးကို စစ်ဆေးရန် တားစီးသည့်အခါ ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်နောက်သို့ တာဝန်ရှိသူများက လုံခြုံရေးယာဉ်များဖြင့် မောင်းနှင်၍ နောက်ကလိုက်ခဲ့ကြရာ တောစပ်တစ်‌နေရာတွင် မောင်တော်ယာဉ်လမ်းချော်ကာ ရပ်တန့်သွားသည့်အတွက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်းလာရောက်ခဲ့ကြသည့် အထောက်အထားမဲ့ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညပိုင်းတွင်ပင် Sangkhla Buri မြို့နယ်၊ အမှတ် (၈)၊ နောင်လူကျေးရွာဘက်တွင်လည်း တရားမဝင် မြန်မာ နိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦးတို့ကို တင်ဆောင်လာသည့် ကားတစ်စီးကို ထပ်မံတွေ့ ရှိခဲ့ပြီးယာဉ်မောင်းမှာ အမှောင်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပွဲစားများမှတစ်ဆင့် လူတစ်ဦးလျှင် ဘတ် ၅၀၀၀ စီ ပေး၍ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ရန် လာရောက်ခဲ့ကြသည်ဟု ထွက်ဆိုထားကြကြောင်း သိရသည်။

ယခုအခါ အဆိုပါ မြန်မာနိုင်ငံသားများအား Sangkhla Buri ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ထိုင်းနိုင်ငံ ဥပဒေ အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရားမဝင်အလုပ်သမားများဝင်ရောက်လာသည့်အတွက် ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထိုင်း-မြန်မာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ချမှတ်ထားသော မူဝါဒအတိုင်း တင်းကျပ်စွာဆောင်ရွက်ကြရန် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားကြသည်။

#centralnewsnaypyitaw

image
image
image
image
image